ဆော်ဒီကလပ် အယ်လ်အစ်တီဖာ အသင်းနည်းပြ စတီဗင်ဂျရတ်သည် ၂၀၂၇ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ရိန်းဂျားစ် နှင့် ဗီလာအသင်းနည်းပြဟောင်း ဂျရတ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် အယ်လ်အစ်တီဖာ အသင်းနည်းပြအဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့် အပ်ခံခဲ့ရပြီး ခုနစ်လအကြာမှာပင် စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
အယ်လ်အစ်တီဖာအသင်းအနေဖြင့် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲတွင် ၁၉ ပွဲကစား၊ ခြောက်ပွဲနိုင်၊ ခုနစ်ပွဲ သရေ၊ ခြောက်ပွဲရှုံး၊ ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၈ နေရာ ရောက်ရှိနေသော်လည်း နည်းပြဖြစ်သူ ဂျရတ်ကို နှစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်ကိုယ်တိုင်နဲ့ မိသားစုအတွက် အရမ်းဝမ်းသာပါတယ်။ ဒါက ပေးဆပ်မှုနဲ့ အလုပ်ကြိုးစားမှုအတွက် အသိအမှတ်ပြုမှုလို့လည်း ခံစားရပါတယ်။ ဒီအလုပ်က စိန်ခေါ်မှုရှိတဲ့အလုပ်တစ်ခုဆိုတာ အစကတည်းက ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကွင်းသစ်တည်ဆောက်သလို၊ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်သလိုမျိုး အခြေခံအဆောက်အအုံသစ်တွေ တည်ဆောက်ခဲ့ရတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေ အများကြီးရခဲ့ပါတယ်။ အဲဒါက ကျွန်တော်နဲ့ အထက်က စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆက်ဆံရေးဖြစ်ပြီး ပိုတိုးတက်လာသလို အားလည်းကောင်းလာတယ်။ အနာဂတ်အတွက် ကျွန်တော် တကယ်ကို မျှော်လင့်ထားပါတယ်” ဟု ဂျရတ် က ပြောကြားခဲ့သည်။