UFC 300 ပြိုင်ပွဲတွင် BMF ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲအဖြစ် အမေရိကန် MMA ကစားသမား ဂျပ်စတင်ဂေးဂျီနှင့် တစ်နိုင်ငံတည်းသား မက်စ်ဟောလိုဝေးတို့ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။
UFC 300 ပြိုင်ပွဲကို ဧပြီ ၁၃ ရက်တွင် အမေရိကန်နိုင်ငံ၊ နီဗာဒါပြည်နယ်၊ ပါရာဒိုက်စ် မြို့ရှိ T-Mobile Arena ၌ ကျင်းပမည်ဖြစ်ပြီး လက်ရှိအချိန်အထိ တွဲဆိုင်းရှစ်ပွဲ ကြေညာထားပြီးဖြစ်သည်။ BMF ချန်ပီယံခါးပတ်၏ လက်ရှိချန်ပီယံမှာ ဂျပ်စတင်ဂေးဂျီဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကျင်းပသည့် UFC 291 ပြိုင်ပွဲတွင် ဒပ်စတင်ပိုရီယေးကို ဒုတိယအချီ၌ ဦးခေါင်းကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ယူကာ ရရှိထားခြင်းဖြစ်သည်။
BMF ချန်ပီယံခါးပတ်မှာ တိုက်ခိုက်ရေးစွမ်းဆောင်ရည် အကြမ်းဆုံးဖိုက်တာကို ပေးအပ်သည့် ခါးပတ်ဖြစ်ပြီး UFC ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂျော့ချ်မက်စ်ဗီဒယ်လ်နှင့် ဂျပ်စတင်ဂေးဂျီတို့ နှစ်ဦးသာ ရရှိခဲ့ဖူးသည်။
ပထမဆုံး BMF ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် မက်စ်ဗီဒယ်လ်က နာမည်ကြီး ကစားသမားဟောင်း နိတ်ဒီယက်ဇ် ကို အလဲထိုးဖြင့် အနိုင်ရကာ ချန်ပီယံခါးပတ် ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီတွင် မက်စ်ဗီဒယ်လ်က အနားယူကြောင်း ကြေညာခဲ့ပြီးနောက် လစ်လပ်သွားသည့် BMF ချန်ပီယံခါး ပတ်အတွက် ဂေးဂျီနှင့် ပိုရီယေး ယှဉ်ပြိုင်ထိုးသတ်ရာ ဂေးဂျီက အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယခင်စည်းမျဉ်းအရ BMF ချန်ပီယံအနေဖြင့် အခြားခါးပတ်များကဲ့သို့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် မလိုအပ်ဘဲ အနားယူချိန်အထိ ပိုင်ဆိုင်ခွင့်ရသော်လည်း UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝှိုက်က အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂေးဂျီ (၃၅ နှစ်) သည် ၂၉ ပွဲထိုးသတ် ရာ အလဲထိုးပွဲ ၂၀၊ Submission တစ်ပွဲအပါ အဝင် ၂၅ ပွဲအနိုင်ရကာ လေးပွဲရှုံးနိမ့်ထားပြီး ၂၀၁၉ ခုနှစ် ဧပြီနောက်ပိုင်း လိုက်ဝိတ်တန်း တွင် ပထမဆုံးပြန်လည်ထိုးသတ်မည့် ဟောလိုဝေး (၃၂ နှစ်) မှာလည်း ၃၂ ပွဲထိုးသတ်ရာ အလဲထိုးပွဲ ၁၁ ပွဲ၊ Submission နှစ်ပွဲအပါ အဝင် ၂၅ ပွဲအနိုင်ရကာ ခုနစ်ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။