အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
စပိန်ဘုရင့်ဖလားပြိုင်ပွဲရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းသည် အိမ်ကွင်း၌ ရီးယဲလ်မက်ဒရစ်အသင်းကို အချိန်ပိုတွင် (၄-၂) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ အက်သလက်တီကို အသင်းသည် အဆိုပါပွဲစဉ်တွင် ရီးယဲလ်အသင်းကို ပွဲချိန်အတွင်း နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးပြန်လည်ပေးခဲ့ရသဖြင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုတွင် နှစ်ဂိုးထပ်သွင်းကာ ပွဲအပြီး၌ (၄-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်းအနေဖြင့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်၌ ရီးယဲလ်အသင်းအား အချိန်ပိုတွင် (၃-၅) ဂိုးဖြင့် ရှုံးနိမ့်ခြင်းကို ပြန်လည်လက်စားချေနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များ၏အားပေးမှုကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီမြွန်နီက “ကျွန်တော်တို့ ဟိုတယ်ကနေ မက်ထရိုပိုလီတာနို (အက်သလက်တီကိုအသင်း၏အိမ်ကွင်း) ကို လာတဲ့လမ်းမှာ ကျွန်တော်တို့ကို လမ်းပေါ်မှာ စိတ်လှုပ်ရှားစွာနဲ့ အားပေးနေတဲ့ ပရိသတ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ စပိန်ဘုရင့်ဖလား ရှုံးထွက် ၁၆ သင်းအဆင့်က ပွဲကိုလာရောက်အားပေးကြတဲ့ အသင်းပရိသတ်တွေရဲ့ အားပေးမှုဟာ အံ့မခန်းပါပဲ။ ကျွန်တော်တို့အသင်းဟာ အချိန်ပိုကစားတဲ့အချိန်မှာ ပွဲကို ပိုနားလည်လာပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ထက် ကျွန်တော်တို့ ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက် ပိုပြီးအရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆီမြွန်နီက စပိန်စူပါဖလားပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ရီးယဲလ်အသင်းအား ပြန်လည်အနိုင်ရခဲ့ခြင်းမှာ လက်စားချေခြင်း မဟုတ်ဘဲ ဘောလုံးတွင် လက်စားချေခြင်း မျိုးမရှိကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်တော် အမြဲတမ်းပြောနေကျပါပဲ။ ဘောလုံးမှာ မထိုက်တန်ဘဲ အနိုင်ရတာ ဒါမှမဟုတ် လက်စားချေတယ်ဆိုတာမျိုး မရှိပါဘူး။ အခုက ကျွန်တော်တို့အတွက် ကစားပွဲသစ်တစ်ပွဲဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့တယ်။ ဒီရာသီမှာ ရီးယဲလ်အသင်းနဲ့ ကစားခဲ့တဲ့ သုံးပွဲစလုံးက ဆင်တူပါပဲ။ ကျွန်တော်တို့က သူတို့ကို အနိုင်ရဖို့ ကြိုးစားသလို သူတို့ကလည်း ကျွန်တော်တို့ကို အနိုင်ရဖို့ ကြိုးစားပါတယ်။ ရီးယဲလ်က စံချိန်များစွာ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ကို အနိုင်ရတာဟာ ကံကောင်းလို့ မဟုတ်ပါဘူး။ သူတို့ ကောင်းလို့ပါ။ အဲဒီလိုပဲ ကျွန်တော်တို့ နိုင်တာလည်း ကျွန်တော်တို့ ကောင်းလို့ပါ”ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။