အမေရိကန်ပြည်ထောင်စုသည် ဇန်နဝါရီ ၁၇ ရက်တွင် ယီမင်အခြေစိုက် ဟူရ်သီသူပုန်များကို အကြမ်းဖက်အုပ်စုများ စာရင်းတွင်ပြန်လည် ထည့်သွင်းလိုက်ရာ ယင်းသည် နိုင်ငံတကာရေလမ်းကြောင်း၌ တိုက်ခိုက်မှုများကို တားဆီးရန် ၀ါရှင်တန်၏ နောက်ဆုံးကြိုးပမ်းမှုဖြစ်လာသည်။
အီရန်နှင့်မဟာမိတ်ဖွဲ့ထားသော ဟူရ်သီအုပ်စုကို ပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်လိုက်သည့် အထူးသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့အဖြစ် ရွေးချယ်သတ်မှတ်လိုက်ခြင်းက ပင်လယ်နီ ရေလမ်းကြောင်းတွင် သင်္ဘောများကို တိုက်ခိုက်ခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းတို့ လုပ် ဆောင်ရာတွင် ဟူရ်သီ အသုံးပြုသော ငွေကြေးများနှင့်လက်နက်များကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ׅ“ဒီရွေးချယ်သတ်မှတ်မှုဟာ ဟူရ်သီကို အကြမ်းဖက်ငွေကြေးထောက်ပ့ံတာကို ဟန့်တားဖို့၊ ငွေကြေးစျေးကွက်တွေကို ဟူရ်သီဝင်ရောက်တာကို နောက်ထပ် ကန့်သတ်တာတို့နဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့ကို တာဝန်ခံခိုင်းရာမှာ အရေးကြီးတဲ့ တန်ဆာပလာဖြစ်ပါတယ်”ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျိတ်ဆူလီဗန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဟူရ်သီဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ တိုက်ခိုက်တာတွေ လုပ်နေတာကို ရပ်မယ်ဆိုရင် အမေရိကန်က ဒီရွေးချယ်သတ်မှတ်မှုကို ချက်ချင်းပြန်လည် ဆန်းစစ်သွားမှာဖြစ်ပါတယ်”ဟု ဆူလီဗန်က ဖော် ပြခဲ့သည်။
သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့သည် အစားအစာသွင်းကုန်များနှင့် လူသားချင်းစာနာမှု အကူအညီများကို မှီခိုနေရသော ယီမင်ပြည်သူများကို သက်ရောက်ခြင်းမရှိစေရန် ရည်ရွယ်ပြီး ဖဲ့ထုတ်ပိတ်ပင်မှုများကို ထုတ်ပြန် ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရွေးချယ်သတ်မှတ်မှု ရက် ၃၀ အတွင်း အတည်ဖြစ်မလာမီ အန်ဂျီအိုများအပါအဝင် အုပ်စုများကို ကျော်လွန်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
နိုဝင်ဘာကတည်းက ဟူရ်သီသူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကို ထောက်ခံကြောင်းပြ သသည့်အနေဖြင့် ဟူရ်သီသူပုန်တို့က ပင်လယ်နီတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဟူရ်သီကို အကြမ်းဖက်အဖွဲ့အဖြစ် လွန်ခဲ့သော သီတင်းပတ်တွင် ခေါ်ခဲ့သည်။ ဟူရ်သီအဖွဲ့ကို ငွေကြေးပံ့ပိုးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့ကို အဆက်ဖြတ်ပစ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ဟူရ်သီသူပုန်များကို အကြမ်းဖက် အဖွဲ့အစည်းများဆိုသည့် အမေရိကန်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် စီစဉ်နေသည်ဟု အမေရိကန်တာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့ပြီး နောက်ဟူရ်သီကို အကြမ်းဖက်အဖွဲ့စာရင်းတွင် ထည့်သွင်းကြောင်း အမေရိကန်က ကြေညာလိုက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒင်အစိုးရသည် ဟူရ်သီကို အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ထားသည့် စာရင်းနှစ်ခုမှ ပယ်ဖျက်ပေးခဲ့သည်။ သမ္မတဟောင်းဒေါ်နယ်ထရန့်၏ အစိုးရလက်ထက်တွင် ဟူရ်သီကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့သည်။
ဟူရ်သီတို့က ၄င်းတို့သည် ပါလက်စတိုင်းသားများနှင့်အတူတစည်းတလုံးတည်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြားထားပြီး ယီမင်ရှိ မိမိတို့၏စစ်ဘက်နေရာများကို အမေရိကန်နှင့်ဗြိတိန်တို့ တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သင်္ဘောများကို တိုးချဲ့တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
ဟူရ်သီပြောရေးဆိုခွင့်ရှိသူကမူ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်မှုက ဟူရ်သီစစ်ဆင်ရေးများကို သက်ရောက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။