အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်း၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် လာမည့်လတွင် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင် ့ရရှိလိမ့်မည်ဟု corrections department မှ အရာရှိတစ်ဦးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၇၄ နှစ်အရွယ်သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ အာဏာအလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသည်။
သို့သော် အကျဉ်းထောင်သို့ ရောက်ရှိပြီး နာရီပိုင်းအတွင်းမှာပင် သွေးတိုးရောဂါနှင့် နှလုံးရောဂါအခြေအနေများကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရသည်။ထို့နောက် ထိုင်းဘုရင်က သက်ဆင်၏ ထောင်ဒဏ်ကို တစ်နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။
သက်ဆင်၏ ကျန်းမာရေးအခြေအနေသည် အနီးကပ်စောင့်ကြည့်ရန် လိုအပ်သဖြင့် ရဲတပ်ဖွဲ့ဆေးရုံတွင် ဆက်လက်ပြီး ဆေးဝါးကုသမှုခံယူခွင့်ကာလကို ထပ်တိုးပေးခဲ့ကြောင်း corrections department က ပြီး ခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
စံသတ်မှတ်ချက်များအပေါ် အခြေခံပြီး သက်ဆင်သည် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း corrections department ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စစ်သီသုတိဗွန်က သက်ဆင်သည် ဖေဖော်ဝါရီလအတွင်း ပြန်လွတ်မည်ဟုတ်မဟုတ် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိအချိန်အထိ သက်ဆင်ကို အကျဉ်းချထားသည့် ဘန်ကောက် ရမန်အကျဉ်းထောင်က သက်ဆင်အား ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် တရားဝင် တောင်းဆိုမှုမရှိသေးကြောင်း စစ်သီက ပြောကြားခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး သူသည် ထိုင်းနိုင်ငံတွင် ၁၇ နှစ်ကြာဖြစ်ပွားခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှု၏ နောက်ကွယ်တွင် ဆက်ရှိနေခဲ့ကာ ပြည်ပြေးဘဝဖြင့် ထိုင်း နိုင်ငံရေးလောကအပေါ် သြဇာလွှမ်းမိုးခဲ့သည်။
ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်းဖြစ်သည့် သက်ဆင်ကို စစ်တပ်က အကျင့်ပျက်ခြစားမှု၊ ခရိုနီဝါဒကျင့်သုံးမှု၊ အာဏာအလွဲ သုံးမှုများဖြင့် စွပ်စွဲခဲ့သည်။
သက်ဆင်သည် ၂၀၀၈ ခုနှစ်တွင် မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး သူ့ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်သည်လည်း ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရ သည်။
သက်ဆင်သည် သြဂုတ်လက ထိုင်းနိုင်ငံသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာချိန်တွင် လူထုက လှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး တရားရုံးနှင့် အကျဉ်းထောင်သို့ မသွားရောက်မီ ရဲတပ်ဖွဲ့ဝင်များက ၎င်းကို အလေးပြုခဲ့ကြသည်။
ယင်းနေ့မှာပင် သက်ဆင်၏ မဟာမိတ်ဖြစ်သည့် အိမ်ခြံမြေလုပ်ငန်းရှင် ဆရီသာထာဝီဆင်းကို လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
သက်ဆင်က သူသည် နိုင်ငံရေးလောကထဲတွင် ဆက်ရှိနေသေးသည်ဆိုသည့် ပြောကြားချက်များကို မကြာခဏငြင်းဆိုခဲ့ပြီး နိုင်ငံရေးလောကမှ အနားယူခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။