မြိတ်ကျွန်းစုအတွင်းသဘာဝ ဂျင်းကုန်းဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် ဂျင်းကောက်သူ ထောင်နှင့်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ဂျင်းကုန်းကိုလည်း ပြန်လည်ပိတ်သိမ်းထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စုတွင်ရှိသော သဘာဝဂျင်းကုန်းအား ဖွင့်ရာတွင် နှစ်နှစ်ဆက်တိုက် မတူညီသည့် စျေးကွက် ပျက်ယွင်းမှုများ ကြုံတွေ့ရပြီး ဂျင်းကောက်သူ ထောင်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ဂျင်းကုန်းကိုလည်း ပြန်လည် ပိတ်သိမ်းထားရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သွေးဂုံး(ခ)ဂျင်းများကို ရေကန်တောင်ကျေးရွာတွင် သဘာဝတိုင်းတည်ရှိနေပြီး တစ်နှစ်လျှင် တစ်ကြိမ် အများပြည်သူကို ကောက်ယူခွင့်ပေးကြောင်း ကျေးရွာတာဝန်ရှိသူဦးဇာနည်က ပြောကြားသည်။
သို့ရာတွင် သဘာဝဂျင်းကုန်းများမှ ထွက်ရှိနေသော ဂျင်းသားပေါက်များကို ကောက်ယူရောင်းချရာတွင် မတူညီသည့် စျေးကွက်ပျက်ယွင်းမှု နှစ်နှစ်ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် ဂျင်းကောက်သူထောင်နှင့်ချီကာ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း ဂျင်းကောက်သူတစ်ဦးက ပြောကြားသည်။
“ဒီနှစ်သဘာဝဂျင်းကုန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ဖွင့်ပေးတယ်၊ ဒေသခံတွေနှင့် ပင်လယ်ရွာပေါင်းစုံက ဂျင်းကောက်တဲ့လှေပေါင်း ၅၀၀ ကျော် အထိလာရောက်ကြတယ်၊ ဒီနှစ်မှာဘာဖြစ်သလဲဆိုတော့ ဂျင်းသားပေါက်တွေ အများကြီးရတယ်၊ ဒါပေမယ့် ဝယ်မယ့်စျေးကွက် မရှိတော့ဘူး၊ ဂျင်းသားပေါက်တစ်ကီလို ကျေးရွာတာဝန်ရှိသူတွေက ကျပ် ၁၀၀၀၀ သတ်မှတ်ထားတယ်၊ ဝယ်တဲ့သူက ကျေးရွာရန်ပုံငွေ နှစ်ထောင်ပေးရတယ်၊ ဝယ်လက်တွေက ဂျင်းသားပေါက်တွေ မဝယ်ကြဘူး၊ တချို့ကြိုတင်ငွေယူထားတဲ့သူတွေ သူတို့အလုပ်ရှင်ဆီမှာ ပြန်သွင်းနိုင်ကြတယ်၊ ဒါပေမယ့်ပေါက်စျေးက မရှိတော့ဘူး၊ တချို့ဆိုရင် ၂၂ ကီလိုပါတဲ့တစ်ခြင်းကို ကျပ်သုံးသောင်းပဲပေးတော့ ဂျင်းကောက်တဲ့သူတွေ ငွေသွင်းခ၊ ခရီးစရိတ်တွေကုန်သွားခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်က ဘာဖြစ်သလဲဆိုတော့ သဘာဝဂျင်းကုန်းထဲမှာ ဂျင်းလုံးဝမရှိတော့ဘူး၊ ဂျင်းလာကောက်တဲ့သူတွေက ရွှံ့တွေပဲ ကျန်တာကြုံတွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ၂၂ ကီလိုပါတဲ့တစ်ခြင်းကို ကျပ်လေးသိန်းအထိ စျေးရှိခဲ့တယ်” ဟု ရေကန်တောင်ရွာတွင် သဘာဝဂျင်းသားပေါက်လာရောက် ကောက်ယူသူတစ်ဦးက ပြောကြားသည်။
၂၀၂၃ ခုနှစ်တွင် ဂျင်းမရှိတော့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် ဝယ်လက်မရှိခြင်းနှင့် စျေးအလွန်အကျွံနှိမ်ခြင်းများကြောင့် ဒေသခံများမှာ သဘာဝဂျင်းကုန်းဖွင့်လှစ်ပေးမှုအပေါ် ယုံကြည်မှုမရှိတော့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်ကဆိုရင် ၂၂ ကီလိုပါတဲ့ သဘာဝဂျင်းပေါက် ၁၀ ခြင်းလောက်ပဲရတယ်၊ ဒီလိုပဲလူဦးရေ နှစ်ထောင်ကျော်လောက် အတော်လေးဒုက္ခရောက်သွားတယ်၊ ဒီနှစ်တော့ဂျင်းတွေအများအပြားရတယ်၊ ဒါပေမယ့် ဝယ်မယ့် ဂျင်းမွေးမြူရေးလုပ်တဲ့သူတွေမှာ သဘာဝဂျင်းတွေ ကြိုတင်ရထားပြီဆိုတော့ မဝယ်ကြတော့ဘူး၊ ဂျင်းကန်ပေါင်း ၁၀၀ ကျော်ရှိတဲ့ မြိတ်ကျွန်းစုတစ်လျှောက်မှာ ဝယ်လက် ၃၀ လောက်ပဲ လာရောက်ပြီး စျေးနှိမ်သွားကြတယ်၊ ဂျင်းကောက်တဲ့သူ ထောင်နှင့်ချီတဲ့လူတွေက သဘာဝဂျင်းတွေကို ကောက်ယူပြီးမှ ဝယ်လက်မရှိဘူးဆိုတော့ အကုန်စွန့်ပစ်ရမယ့်အနေထားဖြစ်ခဲ့တယ်၊ ရေကန်တောင်က သဘာဝဂျင်းကုန်းလည်း ပြန်ပိတ်လိုက်ပါပြီ။ လူနှစ်ထောင်ကတော့ အခက်အခဲဖြစ်ပြီး ပြန်သွားကြပြီ” ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၁၇ ရက်တွင် ပြောကြားသည်။
သွေးဂုံးဟုခေါ်သော ဂျင်းများကို မြိတ်ကျွန်းစုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ကြပြီး စားသောက်ဆိုင်များတွင် အသုံးပြုကြကြောင်း သိရသည်။
စျေးကွက်ဝင်ဂျင်းတစ်ကီလိုတွင် အလုံးရေ ၁၀၀ ခန့်ရှိပြီး မြိတ်ကျွန်းစုတွင် ၂၀၁၁ ခုနှစ်မှစတင်ပြီး စျေးကွက်ဝင် ရေထွက်ကုန်အဖြစ် ထွက်ရှိနေကြောင်း သိရသည်။