မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၏ အေးဂျင့်ဖြစ်သူက ၎င်းင်း၏ကစားသမားသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။
မာစီယဲလ်(၂၈ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။
၎င်းအနေဖြင့် ယခုနောက်ပိုင်းရာသီများတွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသည့်အပြင် လက်ရှိအချိန်၌ ကြံ့ခိုင်မှုမပြည့်ဝ သောကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းနှင့် ပူးပေါင်းလေ့ကျင့်ခွင့်မပြုဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်မှုပြုလုပ်ရန် ညွှန်ကြားထားသည်။
ထို့ကြောင့် ယခုလအတွင်းမှာပင် အသင်းနှင့် လမ်းခွဲရဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်နေသော်လည်း အေးဂျင့်ဖြစ်သူက သက်တမ်းကုန်သည်အထိ ဆက်ရှိမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ထင်ကြေးပေးနေတာတွေ က အခြေအမြစ်မရှိပါဘူး။ သူက အသင်းနဲ့အတူ မလေ့ကျင့်ရပေမဲ့ အဲရစ်တန်ဟက်ဂ်နဲ့ ဘာပြဿနာမှ မရှိပါဘူး။ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လအထိ သူ ဆက်ရှိနေမှာပါ”ဟု မာစီယဲလ်၏ အေးဂျင့်က ဆိုခဲ့သည်။