ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက ရမှတ်လျော့ကျမှုအများဆုံး ပရီးမီးယားလိဂ်အသင်းများထဲတွင် အာဆင်နယ်နှင့် မန်ယူအသင်းတို့ ပါဝင်နေကြောင်း သိရသည်။
အဆိုပါနှိုင်းယှဉ်မှုကို ဗြိတိန်မီဒီယာ The Sun က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်အသင်းများ ယှဉ်ပြိုင်ကစားထားသော ပွဲစဉ်အနေအထားနှင့် ပြီးခဲ့သည့်ရာသီမှ ပွဲစဉ်အနေအထားကို ပြန်လည်နှိုင်းယှဉ်ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့ နှိုင်းယှဉ်မှုအရ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းအသင်းတို့က ပြီးခဲ့သည့်ရာသီထက် ရမှတ်အများဆုံးတိုးတက်လာသည့်အသင်းများအဖြစ် ရပ်တည်နိုင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲ(၂၀) ယှဉ် ပြိုင်ကစားပြီးချိန်တွင် (၂၉)မှတ်သာရရှိခဲ့ပြီး ယခုရာသီတွင်မူ (၄၅)မှတ်ရရှိခဲ့သည်။
ထို့ကြောင့် ရမှတ်(၁၆)မှတ်အထိ တိုးတက်ရရှိလာခဲ့သလို၊ ဝက်စ်ဟမ်းအသင်းမှာလည်း ပြီးခဲ့သည့်ရာသီက ပွဲ(၂၀)ကစားအပြီးတွင် (၁၈)မှတ်သာရရှိရာမှ ယခုရာသီတွင် (၃၄)မှတ်ရရှိခဲ့သည့်အတွက် (၁၆)မှတ်အထိ တိုးတက်ခဲ့သည်။
အဲဗာတန်အသင်း၏ (၁၀)မှတ်လျှော့ပြစ်ဒဏ်ကို ထည့်မတွက်ပါက ပြီးခဲ့သည့်ရာသီထက် ယခုရာသီတွင် ရမှတ်တိုးတက်ရရှိသည့်အသင်း (၈)သင်းရှိပြီး ရမှတ်လျော့ကျသွားသည့်အသင်း (၉)သင်းရှိခဲ့ကြောင်း သိရသည်။
အက်စတွန်ဗီလာအသင်းက လီဗာပူးလ်နှင့် ဝက်စ်ဟမ်းတို့နောက် တတိယမြောက် ရမှတ်တိုးတက်မှုအရှိဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ရမှတ်တိုးတက်ခဲ့သည့် အခြားအသင်းများမှာ ဝုလ်ဗ်၊ ဘုန်းမောက်၊ စပါး၊ ချယ်လ်ဆီးနှင့် အဲဗာတန်တို့ဖြစ်သည်။
ရမှတ်လျော့ကျမှု အများဆုံးအသင်းမှာ နယူးကာဆယ်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက (၂၁)ပွဲကစားအပြီး တွင် အမှတ်(၄၀)ရရှိခဲ့သော်လည်း ယခုရာသီ၌ (၂၉)မှတ်သာ ရရှိခဲ့သည့်အတွက် (၁၁)မှတ်လျော့ကျခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းက ပြီးခဲ့သည့်ရာသီတွင် ပွဲ(၂၀)ကစားပြီးချိန် ရမှတ်(၅၀)ရရှိခဲ့ပြီး ယခုရာသီတွင် ရမှတ်(၄၀)သာရရှိခဲ့ သောကြောင့် (၁၀)မှတ်လျော့ကျခဲ့သလို၊ မန်ယူနှင့် ဘရန့်ဖို့ဒ် တို့မှာလည်း ပြီးခဲ့သည့်ရာသီထက် (၁၀)မှတ်စီ လျော့ကျခဲ့သည်။
မန်စီးတီးအသင်းမှာလည်း ပြီးခဲ့သည့်ရာသီထက် (၂) မှတ်လျော့ကျခဲ့ကြောင်း သိရသည်။