အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်သရုပ်ဆောင်၊ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုးသည် တန်ဖိုးကြီ လက်ပတ်နာရီတစ်လုံးပါလာသည်ကို မထုတ်ဖော်ခဲ့သည့်အတွက် ဂျာမနီလေဆိပ်တစ်ခု တွင် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။
ဇန်နဝါရီ ၁၇ ရက်က လော့စ်အိန်ဂျလိစ်မှ ရောက်လာသည့် အာနိုးကို မြူးနစ်လေဆိပ်မှ အကောက်ခွန်အရာရှိများက အခွန်ဥပဒေဖြင့် နာရီပိုင်းကြာခေါ်ယူစစ်ဆေးခဲ့သည်။သူ့ကို အာဏာပိုင်များက အာနိုးမှန်းသိသော်လည်း အလျဉ်းသင့်သလို အိတ်ကိုစစ်ဆေးလိုက်ရာမှ အမေရိကန်ဒေါ်လာ ၂၁၀၀၀ ကျော်တန် ဆွစ်ဇာလန်တံဆိပ် Audemars Piguet နာရီကို တွေ့သွားကြသည်။
၎င်းနာရီသည် သွင်းကုန်ဖြစ်သည့်အတွက် မှတ်ပုံတင်ထားသင့်သည်ဟု မြူးနစ်လေဆိပ်မှ အကောက်ခွန်အရာရှိတစ်ဦးက ဂျာမနီသတင်းစာတိုက် Bildကိုပြောသည်။ ၎င်းသတင်းစာအရ အာနိုးသည် နာရီပိုင်းကြာ စစ်ဆေးခံရပြီးနောက် သူ့ရှေ့နေများကိုခေါ်ယူခဲ့ပြီး နာရီပါလာသည်ကို မကြေညာခဲ့မှုဖြင့် ယူရို ၃၅၀၀၀ ဒဏ်တပ်ခံခဲ့ရသည်။
ခရီးစဉ်တွင် အာနိုးနှင့်အတူ သူတွဲနေသည့် အမျိုးသမီး ဟယ်သာမီလီဂန်လည်းပါလာပြီး ညနေငါးနာရီမတိုင်မီ အာနိုးပြန်လွတ်လာကာ သြစတြီးယားသို့ ခရီးဆက်ခဲ့သည်။ဇန်နဝါ ၁၈ ရက်တွင် သြစတြီးယား၌ ပြုလုပ်မည့် ရန်ပုံငွေပွဲတစ်ခုအတွက် ၎င်းနာရီကို လေလံတင်ရန် အာနိုးက ယူလာခြင်းဖြစ်သည်။
ယူရို ၃၀၀ အထက်တန်ဖိုးရှိ ပစ္စည်းမှန်သမျှ ဥရောပသို့ယူလာပါက အကောက်ခွန်ဌာနကို အသိပေးကြေညာရမည်ဖြစ်သည်။သတင်းပေးတစ်ဦး၏ အဆိုကို Page Six ကပြန်လည်ဖော်ပြချက်အရ အာနိုးသည် နာရီအတွက် အခွန်ပေးရန် သဘောတူခဲ့သော်လည်း အာဏာပိုင်များဘက်တွင် ခရက်ဒစ်ကတ် စက်သုံးမရဖြစ်နေသဖြင့် အာနိုးကို ငွေသားထုတ်ရန် ဘဏ်တစ်ခုသို့ခေါ်သွားကြ သည်။သို့သော် ဘဏ်ပိတ်သွားပြီ ဖြစ်သည်။
ထို့နောက် အာနိုးကိုပြန်ခေါ်လာပြီး နောက်ထပ်အရာရှိတစ်ဦးက ခရက်ဒစ်ကတ် စက်အသစ် ယူလာတော့မှ အဆင်ပြေသွားတော့သည်။အာနိုးသည် အစပိုင်းတွင် စစ်ဆေးမေးမြန်းမှုကို တည်ငြိမ်စွာဖြင့် တုံ့ပြန်ခဲ့ သော်လည်း နောက်ပိုင်းအချိန်ကြန့်ကြာမှုနှင့် လုပ်ထုံးလုပ်နည်းများကြောင့် စိတ်ရှုပ်လာသည်ဟု Bild သတင်းစာက ဖော်ပြသည်။ အာနိုးသည် အမေရိကန်နိုင်ငံသားအပြင် သြစတြီးယားနိုင်ငံသားလည်း ခံယူထား သည်။