ပင်လယ်နီ၌ ဂရိပိုင်သင်္ဘောကို ဒုံးကျည်ထိမှန်ခဲ့သောကြောင့် ဇန်နဝါရီ ၁၆ ရက်တွင် အမေရိကန်စစ်တပ်က ဟူရ်သီထိန်းချုပ်ထား သောနေရာများ၌ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို ပြန်လည်တိုက်ခိုက်ခြင်းဖြင့် ယီမင်တွင် တိုက်ခိုက်မှုအသစ်များကို လုပ် ဆောင်ခဲ့သည်။
ဟူရ်သီတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်သည့် ပင်လယ်နီ ရေလမ်းကြောင်း အနှောင့်အယှက်များက အထူးသဖြင့် ဥရောပတွင် ကုန်စည်စျေးများကို မြင့်တက်စေလိမ့်မည်ဟု ဆိပ်ကမ်းနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း DP-World ၏အမှုဆောင်တစ်ဦးက ပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးကို သက်ရောက်မှုများ မြင့်တက်လာလိမ့်မည်ဟု ဆိုသည်။
နိုဝင်ဘာကတည်းက ဟူရ်သီသူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွား နေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကိုထောက်ခံကြောင်း ပြသသည့်အနေဖြင့် ဟူရ်သီသူပုန်တို့ကပင် လယ်နီတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ဟူရ်သီတို့က ၎င်းတို့သည် ပါလက်စတိုင်းသားများနှင့်အတူတစည်းတလုံးတည်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြား ထားပြီး ယီမင်ရှိ မိမိတို့၏စစ်ဘက်နေရာများကို အမေရိကန်နှင့်ဗြိတိန်တို့ တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သင်္ဘောများကို တိုးချဲ့တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။
ဟူရ်သီအဖွဲ့ကို ငွေကြေးပံ့ပိုးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းတို့ကို အဆက်ဖြတ်ပစ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့က ဟူရ်သီသူပုန်များကို အကြမ်းဖက်အဖွဲ့အစည်းများဆိုသည့် အမေရိကန်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် စီစဉ်နေသည်ဟု အမေရိကန်တာဝန်ရှိသူနှစ်ဦးက ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒင်အစိုးရသည် ဟူသီရ်ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် စာရင်းနှစ်ခုမှ ပယ်ဖျက်ပေး ခဲ့သည်။ သမ္မတဟောင်းဒေါ်နယ်ထရန့်၏ အစိုးရလက်ထက်တွင် ဟူသီရ်ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ သည်။ အမေရိကန်အစိုးရအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာမည်ဟု မျှော်လင့်ရသော နောက်ဆုံးလုပ်ဆောင်မှုက ဟူရ်သီကို အကြမ်းဖက်စာရင်းနှစ်ခုထဲက တစ်ခုတွင် တည်သွင်းလိမ့်မည်ဖြစ်ရာ ဟူရ်သီသည် အထူးသတ်မှတ်ခံရသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ခံရ လိမ့်မည်ဖြစ်သည်။
ဇန်နဝါရီ ၁၆ ရက်တွင် အမေရိကန်၏ ထပ်မံတိုက်ခိုက်မှုသည် ပစ်လွှတ်ရန် အသင့်ဖြစ်နေသော ဟူရ်သီပဲ့ထိန်းဒုံးကျည်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သင်္ဘောဖျက်ဒုံးကျည်လေးစင်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းတိုက်ခိုက်မှုကို အမေရိကန်က ယခင်က ထုတ်ပြန်ပေးခြင်းမရှိခဲ့ပေ။
“ကျွန်တော်တို့က ဒါကို တိုးချဲ့လုပ်သွားဖို့ မမျှော်လင့်ပါဘူး။ ဟူရ်သီက ရွေးချယ်ရမှာပါ။ သူတို့ဟာ အဲဒီမဆင်မခြင် တိုက်ခိုက်တာ တွေကို ရပ်ဖို့မှန်မှန်ကန်ကန်ရွေးချယ်ရေးအတွက် အချိန်ရှိနေပါသေးတယ်”ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
ပြင်သစ်သည် ဒေသဆိုင်ရာတင်းမာမှုများ မြင့်တက်လာခြင်းကို ရှောင်ရန်ဆန္ဒရှိနေသောကြောင့် အမေရိကန်ဦးဆောင်သော တိုက်ခိုက်မှုများတွင် ပြင်သစ်ပါဝင်မည်မဟုတ်ဟု သမ္မတအမ်မန်နျူရယ်မက်ခရွန်က ပြောကြားခဲ့သည်။ ပြင်သစ်သည် ပင်လယ်နီ တွင် ခံစစ်ချဉ်းကပ်မှုကို ချမှတ်ထားခြင်းဖြစ်ပြီး ထိုသဘောထားရပ်တည်ချက်အတိုင်း ဆက်သွားမည်ဟု မက်ခရွန်က ပြောသည်။
ပင်လယ်နီတွင် သွားလာနေသော သင်္ဘောများကို ဟူရ်သီက တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်ရန် လုံခြုံရေးကောင်စီကလည်း တောင်းဆိုထားသည်။