ဘာစီလိုနာအသင်း၏ အဓိက ကစားသမားအများစုသည် အသင်းနည်းပြ ဇာဗီအပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး လာလီဂါအမှတ်ပေးဇယားတွင် ရမှတ် (၄၁) မှတ်ဖြင့် အဆင့် (၄) နေရာ ရောက်ရှိနေကာ ထိပ်ဆုံးမှ ဂျီရိုနာအသင်း (၄၉ မှတ်)နှင့် (၈) မှတ်အထိ ကွာဟနေသည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ဇန်နဝါရီ (၁၄) ရက်က ကစားခဲ့သည့် စပိန်စူပါဖလားဗိုလ်လုပွဲတွင်လည်း မဟာပြိုင်ဘက် ရီးယဲလ်အသင်းကို (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ESPN ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်း၏ အဓိကကစားသမားအများစုသည် နည်းပြ ဇာဗီအပေါ် ယုံကြည်မှုပျောက်ဆုံးသွားပြီဖြစ်ပြီး ဘာစီလိုနာအသင်း၏ Style အတိုင်း ကစားခြင်းမရှိဟု ဝေဖန်ခဲ့သည့် ဇာဗီ၏ပြောကြားမှုများကိုလည်း စိတ်ပျက်နေကြကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက လာလီဂါချန်ပီယံဆု ရရှိခဲ့သော်လည်း ယခုရာသီတွင် ဘဏ္ဍာရေးပြဿနာကြောင့် ယခုရာသီအစတွင် ကစားသမားများကို မှတ်ပုံတင်ရန်ရုန်းကန်ခဲ့ရသည်။
ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုကမူ ဇာဗီကို ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားထားသည်။