ပရီးမီးယားလိဂ်အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာစ်က ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက်ပေါင်း (၁၁၅) ချက်ဖြင့် စွဲချက်တင်ခံထားရသည့် မန်စီးတီးအသင်း၏ အမှုကြားနာမည့်ရက်ကို သတ်မှတ်ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
သို့သော် ရစ်ချက်မာစတာစ်အနေဖြင့် မန်စီးတီးအသင်း၏အမှု ကြားနာမည့်ရက်အတိအကျကိုမူ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ပရီးမီးယားလိဂ်သည် (၅) နှစ်ကြာ စစ်ဆေးပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီ (၆) ရက်တွင် မန်စီးတီးအသင်းအား ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက်ပေါင်း (၁၁၅) ချက်ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အနေဖြင့် ယခင်က မန်စီးတီးအသင်းသည် ၎င်းတို့၏စစ်ဆေးမှုအား ကြန့်ကြာအောင်လုပ်သည်ဟု စွပ်စွဲခဲ့သော်လည်း ဇန်နဝါရီ (၁၅) ရက်တွင် ဗြိတိန်ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီ ကြားနားမှုပြီးနောက် မန်စီးတီးအသင်း၏ အမှုကြားနာမည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြားနာမှုတွင် ဗြိတိန်ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစားကော်မတီဥက္ကဋ္ဌ ကာရိုလိုင်းဒီနီနိတ်က ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဖြင့် ဒုတိယအကြိမ်စွဲချက်တင်ခံရသည့် အဲဗာတန်အသင်းကို ရည်ညွှန်းကာ ”မန်စီးတီးအသင်းအမှု ကြန့်ကြာနေတာနဲ့ပတ်သက်လို့ ပရိသတ်တွေ ဒေါသထွက်နေတာကို ရှင် သိလား”ဟု ရစ်ချက်မာစတာစ်ကို မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို ရစ်ချက်မာစတာစ်က ”ဟုတ်ကဲ့ သိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွဲချက်တွေက မတူပါဘူး။ မန်စီးတီးအသင်းအပေါ် တင်ထားတဲ့ စွဲချက်တွေက အဲဗာတန်နဲ့ မတူပါဘူး။ ကျွန်တော့်အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မပြောနိုင်ပေမဲ့ မန်စီးတီးအမှုကြားနာမယ့်ရက်ကို သတ်မှတ်ပြီးပါပြီ။ ရက်စွဲအတိအကျကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ တိုးတက်မှုတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းကမူ ပရီးမီးယားလိဂ်၏စွဲချက်အားလုံးတွင် အပြစ်မရှိကြောင်း ချက်ချင်းထုတ်ပြန်ခဲ့သည်။
Daily Mail ၏ ဖော်ပြချက်အရ ပရီးမီးယားလိဂ်နှင့် မန်စီးတီးအသင်းတို့သည် အမှုကြားနာမည့်ရက်ကို သဘောတူညီမှုရခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာတွင် ဖြစ်ဖွယ်ရှိကာ ကြားနာမှုမှာ နှစ်ရှည်ကြာမြင့်ဖွယ်ရှိကြောင်း သိရှိရသည်။