အနုပညာရှင်များကို မည်မျှချစ်ခင်နှစ်သက်နေပါစေ၊ လူကိုယ်တိုင်တွေ့ရသဖြင့်လည်း မည်မျှအံ့သြနေပါစေ အခြေခံစောင့် ထိန်းရမည့် အပြုအမူ၊ကျင့်ဝတ်များကို ပြောစရာမလိုအောင် သိနေသင့်သည်။သို့သော် တရုတ်အမျိုးသားတစ်ဦးက ၎င်းတို့ကိုနား လည်ပုံမရသဖြင့် ထိပ်တန်းရုပ်ရှင်မင်းသမီး ယန်းမီက သူ့ခေါင်းကိုမထိနှင့်ဟုပင် လူပုံအလယ် သတိပေးခဲ့ရသည်။
ဇန်နဝါရီ ၁၅ ရက်က တရုတ်လူမှုကွန်ရက်ဝေပိုတွင် ဗီဒီယိုတစ်ခုပျံ့လာခဲ့ပြီး၊ Ten Miles of Peach Blossoms တရုတ်ဇာတ် လမ်းတွဲဖြင့် မသိသူမရှိသည့် ထိပ်တန်းသရုပ်ဆောင်ယန်းမီက စီစီတီဗွီတရုတ်နှစ်ကူးအထိမ်းအမှတ်ပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြီးသည့်နောက် သူ့ကားရှိရာသို့ သွားနေသည်ကို မြင်တွေ့ရသည်။
ထိုအချိန် (အသက် ၃၇ နှစ်အရွယ်ရှိ) ယန်းမီ၏အနားသို့ ပရိသတ်များက ဖုန်းများဖြင့်ဝိုင်းအုံလာပြီး ဓာတ်ပုံဗီဒီယိုများရိုက်ကူး ကြသည်။အချို့ပရိသတ်က “မတွန်းကြပါနဲ့၊ တောင်းပန်တယ် မတွန်းကြပါနဲ့”ဟု အော်ပြောနေသံလည်း ဗီီဒီယိုထဲတွင် ကြားရသည်။ ထိုသို့ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် ယန်းမီ၏ ဦးခေါင်းနောက်ဘက်ဆီသို့ လက်တစ်ဖက်ဆန့် ထုတ်လာခဲ့သည်။ လက်ပိုင်ရှင်က ယန်းမီ၏ ဆံပင်ကို စက္ကန့်ပိုင်းကြာထိခဲ့သည်။
အမှတ်မထင်ထိတွေ့မှု တစ်ခုကိုသိလိုက်သဖြင့် ယန်းမီက နောက်ပြန်လှည့်လိုက်ပြီး လက်ပိုင်ရှင်ဆိုသူကို မျက်နှာထားတင်းတင်း ဖြင့် ကြည့်လိုက်သည်။နှုတ်မှလည်း“ငါ့ခေါင်းကို မထိနဲ့၊ ငါ့ခေါင်းကိုမထိနဲ့”ဟုပြောသည်။ နောက်ပိုင်း ယန်းမီက သူ့ကိုလမ်းဖယ်ပေးရန် ပရိသတ်ကို မေတ္တာရပ်ခံခဲ့သည်။
ထိုဖြစ်စဉ်အပေါ် အွန်လိုင်းတွင် ပရိသတ်များက တုံ့ပြန်နေကြပြီး ယန်းမီ၏လုံခြုံရေးအတွက် အတူလိုက်လာသည့် ဝန်ထမ်းများက ပိုဂရုစိုက်သင့်သည်ဟု ပြောကြသည်။ “ဘယ်သူဘယ်ဝါမသိနိုင်လို့ ကြောက်စရာ ကောင်းတယ်”၊ “ဒီတခါယန်းမီရဲ့ခေါင်းကို ကိုင်တယ်၊နောက်တခါ ခေါင်းကိုရိုက်သွားရင် ဘယ်လိုလုပ်မလဲ အန္တရာယ်များလိုက်တာ”၊ “တကယ်လို့အဲဒီလူမှာ အကြံဆိုးရှိနေရင် အကျိုးဆက်ကိုမတွေးရဲဘူး”၊ “ယန်းမီကသက်တော်စောင့်တွေ ထပ်ခန့်ထားသင့််တယ်”ဟု ဝေဖန်နေကြသည်။
အခြေအနေကို တည်တည်ငြိမ်ငြိမ်နှင့် ဖြေရှင်းခဲ့သည့် ယန်းမီကိုမူ ပရိသတ်ကချီးကျူးနေကြပြီး ၎င်းအမျိုးသား၏ လုပ်ရပ်ကို လိင်ထိပါးနှောင့်ယှက်မှုဟုပင် အချို့ပရိသတ်က ယူဆနေကြသည်။