စစ်အေးခေတ်နောက်ပိုင်း နေတိုးမဟာမိတ်အဖွဲ့၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် ဗြိတိန်က တပ်ဖွဲ့ဝင် ၂၀,၀၀၀ စေလွှတ်မည်ဟု ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့ပြီး နေတိုးအဖွဲ့အပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာသည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
ဆယ်စုနှစ်လေးခုအတွင်း နေတိုးအဖွဲ့ထံ ဗြိတိန်တပ်ဖွဲ့ဝင်များကို အကြီးမားဆုံးစေလွှတ်မှုဖြစ်သည့် ယင်းအစီအစဉ်သည် ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကြောင့် ဖြစ်ပေါ်လာသည့်ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ စိတ်ချလက်ချရှိစေရေး အာမခံချက်ပေးနိုင်ရန် ရည်ရွယ် သည်ဟု ရှပ်စ်က ပြောကြားခဲ့သည်။
တော်ဝင်ကြည်းတပ်၊ တော်ဝင်ရေတပ်နှင့် တော်ဝင်လေတပ်မှ ဗြိတိန်တပ်ဖွဲ့ဝင်များကို နေတိုးအုပ်စု၏ လတ်တလော စစ်ရေးလေ့ကျင့်မှုဖြစ်သည့် Exercise Steadfast Defender တွင် ပါဝင်ရန် ဥရောပတစ်လွှားတွင် တပ်ဖြန့်စေလွှတ်မည်ဖြစ်ကာ အခြားအဖွဲ့ဝင် ၃၁ နိုင်ငံနှင့် နေတိုးအဖွဲ့ဝင် အလောင်းအလျာဖြစ်သည့် ဆွီဒင်တို့မှ တပ်ဖွဲ့ဝင်များလည်းပါဝင်မည်ဖြစ်သည်။
“မျက်မှောက်ခေတ်မှာ နေတိုးအဖွဲ့ဟာ အရင်ထက်ပိုပြီး အင်အားကြီးလာပေမဲ့ စိန်ခေါ်မှုတွေကလည်း ပိုကြီးထွားလာတယ်”ဟု လန်ဒန်တွင် မိန့်ခွန်းပြောကြားစဉ် ရှပ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။ နိုင်ငံတကာစည်း မျဉ်းအခြေပြုအခင်းအကျင်းသည်လည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက သတိပေးခဲ့သည်။
“ဒါကြောင့် ဗြိတိန်ဟာ မိမိတို့ရဲ့ ကြည်း၊ ရေ၊လေအင်အားတွေကို နေတိုးအဖွဲ့ထံမှာ အလုံးစုံ မြှုပ်နှံထားခြင်းဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
“၂၀၂၄ ခုနှစ်မှာ အဲဒီထက်ပိုပြီး လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဗြိတိန်ဟာ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း နေတိုးအဖွဲ့ရဲ့ အကြီးမားဆုံးတပ်ဖြန့်မှုကို ဦးဆောင်ဖို့ တပ်ဖွဲ့ဝင် ၂၀,၀၀၀ ခန့်ကို စေလွှတ် သွားမယ်ဆိုတာကို ဒီကနေ့ ကြေညာချင်ပါတယ်”ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောကြားသည်။
ဗြိတိန်၏ ကိုယ်စားပြုတပ်ဖွဲ့တွင် ဂျက်တိုက်လေယာဉ်များ၊ ကင်းထောက်လေယာဉ်များ၊ ရေတပ်၏ အဆင့်အမြင့်ဆုံး စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် အမျိုးမျိုးသော စစ်ရေးအင်အားစုများပါဝင်မည်ဖြစ်သည်။
ဗြိတိန်သည် ၎င်းတို့၏ အထင်ကရ လေယာဉ်တင်သင်္ဘောကြီးနှင့် F-3 5 B ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များပါဝင်သည့် လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေးအုပ်စုကို အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်း၊ နော်ဝေပင်လယ်နှင့် ဘောလ်တစ်ပင်လယ်တို့တွင် ပြလုပ်မည့် စစ်ရေးလေ့ ကျင့်မှုများအတွက် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုအတောအတွင်း လာမည့် ဖေဖော်ဝါရီလမှ ဇွန်လအထိ ဥရောပအရှေ့ဘက်တစ်လွှားတွင် တပ်ဖွဲ့ဝင် ၁၆,၀၀၀ ခန့်ကို တပ်ဖြန့် ည်ဖြစ်ကာ ၎င်းတို့နှင့်အတူတင့်ကားများ၊ အမြောက်များ၊ ရဟတ်ယာဉ်များနှင့် လေထီး များ ပါဝင်မည်ဖြစ်သည်။
ယမန်နှစ် သြဂုတ်လတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း အထင်ရှားဆုံးဖြစ်သည့် ၎င်းမိန့်ခွန်းပြောကြားမှုအတွင်း ရှပ်စ်က တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနှင့် ရုရှားအပါအဝင် ရန်သူများကို အနိုင်ယူရမည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ယီမင်နိုင်ငံတွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့အား ဗြိတိန်နှင့် အမေရိကန်တို့ပူး ပေါင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။