အီရန်၏ တော်လှန်ရေးအစောင့်တပ်သည် ဆီးရီးယား၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသတို့ရှိ အကြမ်းဖက်ပစ်မှတ် အများအပြားကို ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၆ ရက်တွင် အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုများသည် စပိုင်ရုံးချုပ်များကိုလည်းကောင်း၊ အီရတ်ကာ့ဒ်၏မြို့တော် အာဘီလ်ရှိ အီရန်ဆန့်ကျင်ရေးအကြမ်းဖက်အုပ်စုများ၏ တွေ့ဆုံပွဲကိုလည်းကောင်း ပျက်စီးသွားစေခဲ့သည်ဟု အီရန်အစိုးရသတင်းဌာန IRNA က အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC)၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။
တိုက်ခိုက်မှုအတွင်း လူလေးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု အီရတ်၏ကာ့ဒ် လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
သေဆုံးသွားသော အရပ်သားအချို့တွင် ထင်ရှားသောလုပ်ငန်းရှင် ပက်ရှဝါဒီဇာရီပါဝင်သည်ဟု ကာ့ဒ် ဒီမိုကရက်တစ်ပါတီက ပြောကြားသည်။
တိုက်ခိုက်မှုများကို မဆင်မခြင်တိုက်ခိုက်မှုများအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင် အမေရိကန်ပြည်ထောင်စုက ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုများသည်တည်ငြိမ်မှုကို အားနည်းစေသည်ဟု သတိပေးခဲ့သည်။
“အီရတ်ရဲ့တည်ငြိမ်မှုကို အားနည်းစေတဲ့ အီရန်ရဲ့မဆင်မခြင်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်စစ်သားများ သို့မဟုတ် အမေရိကန် အဆောက်အအုံများကို ပစ်မှတ်ထားခြင်းမဟုတ်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရသူက အစောပိုင်းတွင် ပြောကြားခဲ့သည်။
IRGC သည် ဆီးရီးယားနိုင်ငံရှိ ပစ်မှတ်များကိုလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့်မကြာသေးမီက IS အုပ်စုက လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်စစ်ဆင်ရေးများနှင့်ဆက်စပ်နေသော တပ်မှူးများနှင့် အဓိကအဖွဲ့များဆုံတွေ့ရာနေရာများကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု ၎င်းတို့၏ ဆီပါသတင်းဌာနက ဖော်ပြခဲ့သည်။
ဆီးရီးယားတွင် လုပ်ဆောင်ခဲ့သောတိုက်ခိုက်မှုသည် တောင်ပိုင်းမြို့များဖြစ်သော ကာမန်းနှင့်ရာ့စ်တို့တွင် အီရန်နိုင်ငံသားများကိုသေဆုံးစေခဲ့သောအကြမ်းဖက်အုပ်စုများ၏ မကြာသေးမီက တိုက်ခိုက်များကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြထားသည်။
အလက်ပိုတွင်လည်းကောင်း၊ ၎င်း၏ ကျေးလက်တွင်လည်းကောင်း ပေါက်ကွဲသံများကိုကြားရသည်ဟု ဆိုသည်။ အဆိုပါနေရာများ၌ အနည်းဆုံး ဒုံးကျည်လေးစင်းကျ ရောက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည် များသည် မြေထဲပင်လယ်ဘက်မှလာခြင်းဖြစ်သည်ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် လူအခွင့်အရေးများ အတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃ ရက်တွင် အသေခံဗုံးခွဲသူများသည် IRGC ဗိုလ်ချုပ်ကြီးကာဆမ်ဆိုလေမာနီ သေဆုံးသည့် လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို တက်ရောက်လာသူများအကြား အသေခံဗုံးခွဲခဲ့သဖြင့် လူ ၉၀ ဝန်းကျင်သေဆုံးခဲ့သည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများကို IS အဖွဲ့က လုပ်ဆောင်သည်ဟု နောက်ပိုင်းတွင် IS က ပြောကြားခဲ့သည်။ ဒီဇင်ဘာ၁၁ ရက်တွင် ရာ့စ်ရဲစခန်းတိုက်ခိုက်ခံသည့်ဖြစ်စဉ်တွင် အီရန်ရဲ ၁၁ ဦးသေဆုံးခဲ့သည်။