ဟူသီရ်သူပုန်တို့က အမေရိကန်ဖျက်သင်္ဘောကို ခရုစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်ပိုင်ကုန်တင်သင်္ဘောသည် ဇန်နဝါရီ ၁၅ ရက်က ယီမင်ကမ်းရိုးတန်းအလွန်တွင် ဒုံးကျည်ထိ မှန်ခဲ့သည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးများလုံခြုံရေးဌာနက ပြောကြားခဲ့သည်။
အပေါ်မှလာသော ဒုံးကျည်က သင်္ဘောကို ထိမှန်သွားသည်ဟု ဗြိတိန်ရေကြောင်း ကုန်သွယ်မှုစစ်ဆင်ရေးများ လုံခြုံရေးဌာနက ၎င်း၏ဝက်ဆိုက်တွင် ဖော်ပြထားသည်ဆိုသော်လည်း နောက်ထပ် အသေးစိတ်များကို ဖော်ပြထားခြင်းမရှိပေ။
အမေရိကန်ပိုင်ဖြစ်ပြီး မာရှယ်ကျွန်းစု များ အလံတင်ထားသောသင်္ဘောပေါ်တွင် မီးလောင်ခဲ့သည်ဟုဗြိတိန်ရေကြောင်း ဘေးန္တရာယ်သက်ရောက်မှု တွက်ချက်ရေးကုမ္ပဏီဖြစ်သော အမ်ဘရေး၏ ထုတ်ပြန်ချက်အရသိရသည်ဆိုသော်လည်း သင်္ဘောသည် လှိုင်း၊လေဒဏ် ခံနိုင်ရည်ရှိနေဆဲဖြစ်ကာ ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။
ယီမင်ရှိ ဟူသီရ်စစ်ဘက် တည်နေရာများကို အမေရိကန်တိုက်ခိုက်မှုများအား တုံ့ပြန်သည့်အနေဖြင့် ယခုတိုက်ခိုက်မှုက အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း အမ်ဘရေးကုမ္ပဏီက ပြောကြားခဲ့သည်။ ဒုံးကျည်ထိမှန်သော သင်္ဘောသည် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောမဟုတ်ဟု ဆိုသည်။
ဇန်နဝါရီ ၁၂ ရက် နံနက်စောစောတွင် အမေရိကန်နှင့်ဗြိတိန်တို့ကဟူသီရ်၏စစ်ရေးပစ်မှတ်များကို ပြင်းထန်သောလေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး လေတပ်အခြေစိုက်စခန်း၊ လေဆိပ်များ၊ စစ်စခန်း တစ်ခု၊ ဟူသီရ်၏အယ်လ်-မာဆီရာ ရုပ်သံလွှင့်ရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန် ကျောထောက်နောက်ခံပြုဟူသီရ်ထံမှ ချက်ချင်းမှတ်ချက်ပေးခြင်းမပြုပေ။ အမေရိကန်စစ်သင်္ဘောကို ဟူသီရ်ပစ်လိုက်သော ခရုစ်ဒုံးကျည်သည် ဇန်နဝါရီ ၁၄ ရက်တွင် ပစ်ချခံခဲ့ရသည်။
အမေရိကန်စစ်တပ်သည် ဟူသီရ်ရေဒါစခန်းကို နောက်ဆက်တွဲ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၂ ရက်ညပိုင်းတွင် အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ယင်းနေ့ အစောပိုင်းတိုက်ခိုက်မှုများသည် ဟူသီရ်၏စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။
အောက်တိုဘာကတည်းကဟူသီရ် သူပုန်များသည် ပင်လယ်နီတွင်ကုန်တင် သင်္ဘောများကို တိုက် ခိုက်ခဲ့သည်။ အစ္စရေးနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင်ပါလက်စတိုင်းစစ် သွေးကြွအုပ်စု ဟားမာ့စ်ကိုထောက်ခံ ကြောင်းပြသသည့်အနေဖြင့် ဟူသီရ်သူပုန်တို့က ပင်လယ်နီတွင် တိုက်ခိုက်မှုများလုပ် ဆောင်နေခြင်းဖြစ်သည်။ပင်လယ်နီတွင် သွားလာနေသော သင်္ဘောများကို ဟူသီရ်က တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်ရန် လုံခြုံရေးကောင်စီက တောင်းဆိုထားသည်။
အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ယီမင်နိုင်ငံတစ်ဝန်းရှိ ဟူသီရ်ပစ်မှတ်များကို လွန်ခဲ့သော ရက်ပိုင်းတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသတွင်း ကူးစက်လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။
ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူသီရ်သူပုန်၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများအား နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကိုဖွဲ့ခဲ့သည်။ဟူသီရ်တို့၏တိုက်ခိုက်မှုများက ကမ္ဘာ့ကုန်သွယ်ရေးကိုထိခိုက်စေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းဝန်းကျင်သည် ယီမင် အနောက်တောင်ပိုင်းနှင့် ဂျီဘူတီအကြားရှိ ပင်လယ်နီဝင်ပေါက်ဖြစ်သည့် ဘက်အယ်လ်မန်ဒက်ကို ပုံမှန်အားဖြင့် ဖြတ်သန်းသွားသည်။