မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး တပ်ဆင်ထားသည့် ပဲ့ထိန်း ဒုံးကျည်အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။
ယင်းသည် တောင်ကိုရီးယားနှင့် အမေရိကန်ရှိ ပစ်မှတ်များကို ခြိမ်းခြောက်နိုင်သည့် အဆင့်မြင့် လက်နက်စနစ်များကိုတီထွင်ရန် ကြိုးပမ်းနေသည့် မြောက်ကိုရီးယားအတွက် လတ်တလော တိုးတက်မှုတစ်ခုဖြစ်သည်။
ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံးထင်ထင်ရှားရှား လက်နက်စမ်းသပ်မှု ဖြစ်သကဲ့သို့ ပထမဆုံး အခဲလောင်စာသုံး တာလတ်ပစ် ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို တောင်ကိုရီးယားစစ်တပ်က ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင်ထောက်လှမး်သိရှိခဲ့ခြင်းဖြစ်သည်။
အခဲလောင်စာသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တွင် ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းစမ်းသပ်မှုသည် ဒုံးကျည်ထိပ်ဖူး၏ ညက်ညောစွာရွေ့လျားနိုင်စွမ်းနှင့် ထိန်းကျောင်းနိုင်စွမ်းအပြင် အသစ်တီထွင်ထားသော တွန်းကန်အားမြင့်အခဲလောင်စာသုံး ဒုံးအင်ဂျင်များ၏ စိတ်ချရမှုကို စိစစ်အတည် ပြုခြင်းဖြစ်ကြောင်းလည်း KCNA က ဆိုသည်။
ယင်းဒုံးကျည်စမ်းသပ်မှုသည် မည်သည့်အိမ်နီးချင်းနိုင်ငံ၏ လုံခြုံရေးကိုမှ ထိခိုက်စေခြင်းမရှိကြောင်းနှင့် ဒေသတွင်းအခြေအနေနှင့် သက်ဆိုင်မှုမရှိကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်အနီးတွင် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းဒုံးကျည်စမ်းသပ်မှုကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားဘက်က တိုက်ရိုက်ရန်စလာမည်ဆိုလျှင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
ဇန်နဝါရီ ၅ ရက်က နယ်စပ်အနီးတွင် နှစ်ဖက်စလုံးက လက်နက်ကြီးပစ်ခတ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည့်အတွက် တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းများတွင် နေထိုင်သူများကို ဗုံးခိုကျင်းများထဲတွင် အကာအကွယ်ယူနေထိုင်ရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ပင်လယ်ရေ ကြောင်း နယ်နိမိတ်ကို ကျော်လွန်၍ လက်နက်ကြီး ကျရောက်ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့်သီတင်းပတ်က အဓိကစစ်လက်နက်စက်ရုံများကို သွားရောက်ကြည့်ရှုစဉ်အတွင်း ကင်ဂျုံအွန်က တောင်ကိုရီးယားသည် ၎င်း၏အဓိကရန်သူဖြစ်သည်ဟု ပြောကြားခဲ့ပြီး တောင်ကိုရီးယားကို ချေမှုန်းရာတွင် တုံ့ဆိုင်းနေခြင်းမရှိရန် သတိပေးခဲ့သည်။
ရန်စမှုမှန်သမျှကို စစ်ရေးအရ ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံကလည်း ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
အခဲလောင်စာသုံးဒုံးကျည်များသည် သိုဝှက်ထားရာတွင် ပိုမိုလွယ်ကူပြီး ပစ်ခတ်ရာတွင် ပိုမိုမြန်ဆန်ကာ ဟိုက်ပါဆောနစ်ဒုံးကျည်သည်လည်း ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ထိန်းချုပ်ရပိုမိုလွယ်ကူသည်။