ဇန်နဝါရီ ၁၅ ရက်က ထိုင်ဝမ်၏ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် ရွေးကောက်ပွဲအလွန်ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုခဲ့ပြီး ထိုင်ဝမ်နှင့် အမေရိကန်၏ ခိုင်မာမြဲမြံသော မိတ်ဖက်ဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြုခဲ့သည်။
ထိုင်ဝမ်၏လက်ရှိသမ္မတ ဆိုင်အင်းဝမ်နှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ် အပါအဝင်ထိုင်ဝမ်အစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရကအလွတ်သဘော ကိုယ်စားလှယ်အဖွဲ့ကို ထိုင်ဝမ်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
လိုင်ကို မဲပေးရွေးချယ်ခြင်းမပြုရန် တရုတ်၏ အကြိမ်ကြိမ် တိုက်တွန်းမှုကို ထိုင်ဝမ်လူထုက ဆန့်ကျင်ခဲ့သည်။
ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ (DPP) သမ္မတလောင်းနှင့် လက်ရှိဒုသမ္မတဖြစ်သူ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။
တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေ အဖြစ်အခိုင်အမာ ပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။ ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်သည် တရုတ်၏ပိုင်နက်ဖြစ်သည်ဟူသော အချက်ကို ပြောင်းလဲစေခြင်းမရှိကြောင်းလည်း တရုတ်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၅ ရက်က ပါတီဌာနချုပ်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံစဉ်အတွင်း လိုင်က ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်သည် ထိုင်ဝမ်လူထုအတွက် အရေးအပါဆုံး အရာများဖြစ်ကာ ထိုင်ဝမ်ကို အကာအကွယ်ပေးနေသည့် ကြီးမြတ်သော တောင်တန်းများဖြစ်သည်ဟု ဆိုသည်။
“ထိုင်ဝမ်နဲ့ အမေရိကန်အကြား ခိုင်မာရင်းနှီးတဲ့ မိတ်ဖက်ဆက်ဆံရေးကို ထင်ထင်ရှားရှားပြသနေတဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအပေါ် အမေရိကန်ရဲ့ ခိုင်ခိုင်မာမာထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်။ အဲဒါက ထိုင်ဝမ်အတွက် အလွန်အရေးပါပါတယ်” ဟု လိုင်က ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် လိုင်နှင့်မတွေ့ဆုံမီ လက်ရှိသမ္မတ ဆိုင်အင်းဝမ်နှင့် ထိုင်ဝမ်သမ္မတရုံးတွင် တွေ့ဆုံခဲ့သည်။ ၎င်းကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်သည် အမေရိကန်-ထိုင်ဝမ် မိတ်ဖက်ဆက်ဆံရေး ခိုင်မာရင်းနှီးမှုကို မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု ဆိုင်က ပြောကြားခဲ့သည်။
တရုတ်က ထိုင်ဝမ်အား တရားဝင်အသိအမှတ်ပြုရာရောက်သည့် ရည်ညွှန်းပြောဆိုမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်လျက်ရှိရာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် တရုတ်ကို အမျက်ဒေါသထွက် စေဖွယ်ရှိသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားလုံခြုံရေးအကြံပေးဟောင်းတစ်ဦးနှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦး ပါဝင်ကာ ၎င်းအဖွဲ့ကို American Institute of Taiwan ၏ ဥက္ကဋ္ဌဖြစ်သူက ဦးဆောင်သည်။ American Institute of Taiwan သည် လက်တွေ့သဘောအရ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်သံရုံးနှင့် အလားသဏ္ဌာန်တူသည်။
အမေရိကန်နှင့် ထိုင်ဝမ်အကြား မည်သည့်ပုံစံနှင့်မဆို တရားဝင်ထိတွေ့ဆက်ဆံမှုမှန်သမျှကို တရုတ်က အစဉ်တစိုက် ကန့်ကွက်ကြောင်းနှင့် ထိုင်ဝမ်ရေးရာ ကိစ္စရပ်များတွင် အမေရိကန်က မည်သည့်နည်းနှင့်မဆို၊ မည်သည့်အကြောင်းရင်းနှင့်မဆိုကြားဝင်စွက်ဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောကြားခဲ့သည်။