အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ဂါဇာ၌ နောက်ထပ်အရပ်သားများ သေဆုံးခြင်း၊ ဓားစာခံများ၏ဆွေမျိုးများက ၎င်း(ဓားစာခံ)တို့လွတ်မြောက်ရေးအတွက်စောင့်ဆိုင်းနေရခြင်းတို့နှင့်အတူ ဇန်နဝါရီ ၁၄ ရက်တွင် ရက် ၁၀၀ ပြည့်မြောက်သည့် မကောင်းသော သမိုင်းမှတ်တိုင်ကို ရောက်ရှိခဲ့သည်။
အနောက်ဘက်ကမ်းတွင်လည်းကောင်း၊ အစ္စရေး-လက်ဘနွန် နယ်စပ်တွင်လည်းကောင်း ထိခိုက်သေဆုံးမှုများရှိနေသည်။
အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင်အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟုအစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ပြန်ပေးဆွဲ ခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ပြောကြားသည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၉၆၈ဦးသေ ဆုံးထားသည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွား လာသောလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုဖန်တီးနေသည်ဟု ကုလသမဂ္ဂနှင့် အန်ဂျီအိုများက ပြောကြားသည်။
ဂါဇာပြည်သူ ၈၅ ရာခိုင်နှုန်းဝန်းကျင်သည် နေရပ်စွန့်ခွာခဲ့ကြရပြီး ခိုလှုံရေးစခန်းများ ပြည့်ကျပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ထို့အပြင် ၎င်းတို့သည် စားစရာ၊ ရေ၊ လောင်စာ၊ ကျန်းမာရေး စောင့် ရှောက်မှုတို့ရရှိရန် ခက်ခဲနေသည်ဟု ဆိုသည်။
“ရက်ပေါင်း ၁၀၀ ရှိသွားပါပြီ။ ကျွန်တော်တို့ရဲ့အခြေအနေဟာ အလွန်းဆိုးနေပါတယ်”ဟု ရာဖာသို့ စစ်ရှောင်လာသော မိုဟာမက်ခါဟီလ်က ပြောကြားသည်။
“စားစရာမရှိပါဘူး။ ရေမရှိပါဘူး။ အပူပေးစနစ်မရှိပါ။ အအေးဒဏ်ကြောင့် ကျွန်တော်တို့ဟာ သေတော့မယ့်လူလိုဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။
ရောဂါများသည် အငတ်ဘေးဆီ မြန်မြန်ရွေ့နေသော အချိန်နာရီနှင့်အတူ ပြန့်နေသည်ဟု ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ(UNRWA) အကြီးအကဲ ဖီးလစ်လာဇာရီနီက ပြောသည်။
ယီမင်၊လက်ဘနွန်၊ အီရန်၊ ဆီးရီးယားတို့တွင်အီရန်နှင့် မဟာမိတ်ဖွဲ့ထားသော အုပ်စုများ ပါဝင်ပတ်သက်နေသော အကြမ်းဖက်မှုသည် အောက်တိုဘာ ၇ ရက်တွင် ဂါဇာ၌ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် မြင့်တက်လာခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်တို့အား ချေမှုန်းမှုကို မည်သူတစ်ဦးတစ်ယောက်မှ တားဆီးနိုင်မည်မဟုတ်ဟုဇန်နဝါရီ ၁၃ ရက်တွင် ပြောခဲ့သည်။
ဂါဇာတွင် ဖြစ်ပွားနေသည့်စစ်ပွဲသည် ဇန်နဝါရီ ၁၄ ရက်တွင် ရက် ၁၀၀ ပြည့်သို့ ရောက်ရှိချိန်၌ နေတန်ယာဟုက“ ကျွန်တော်တို့ကို ဘယ်သူမှတားဆီးလို့ရမှာမဟုတ်ပါဘူး။ သည်ဟိဂ် လည်းတားဆီးနိုင်မှာမဟုတ်သလို မိစ္ဆာအဖွဲ့တွေနဲ့ တစ်ဦးတစ်ယောက်မှ တားဆီးနိုင်မှာမဟုတ်ပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။