မန္တလေးမြို့မှ မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း ၄၅ မိနစ်ခန့် သွားလာရသော ဆည်တော်လေးအနီး ဂိုက်တန်းကျေးရွာရှိ အသည်းစွဲတောင်အပန်းဖြေနေရာသို့ စနေ၊ တနင်္ဂနွေကဲ့သို့ ပိတ်ရက်များတွင် လူဦးရေ ထောင်ချီ လာရောက်လည်ပတ်လေ့ရှိကြောင်း ဒေသခံစားသောက်ဖွယ်ရာရောင်းချသော ဆိုင်များထံမှ သိရသည်။
အသည်းစွဲတောင်အပန်းဖြေနေရာတွင် ရေထွက်ကြီးကြိုးတံတားနှင့် ရေဆော့ကစား အနားယူနိုင်ခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှစတင်ကာ လူအများသိရှိလာခြင်းဖြစ်ပြီး ယခုအခါ ချောင်းရိုးတစ်လျှောက် စျေးသည်များ၊ အပန်းဖြေအနားယူရန် နေရာများ ပြုလုပ်ထားမှု ပိုမိုများပြားလာကြောင်း သိရသည်။
“လူစည်လာတာက တစ်လလောက်ပဲရှိသေးတယ်။ ဒီမှာ ရေလာဆော့ကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ လူငယ်တွေလည်းလာသလို မိသားစုလိုက်လာတဲ့သူတွေလည်းရှိတယ်။ အခုတော့ စျေးသည်တွေက စည်လာပြီ။ ဒီလိုလာရောက်လည်ပတ်ကြတော့ ကျွန်မတို့ဒေသခံတွေလည်း စျေးရောင်းစျေးဝယ်ဖြစ် ဝင်ငွေရပါတယ်။ ဒီထက်လည်း ပိုပြီးစည်ကားစေချင်တယ်” ဟု အသည်းစွဲတောင် အပန်းဖြေနေရာတွင် စားသောက်ဖွယ်ရာရောင်းချသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။
အသည်းစွဲတောင် အပန်းဖြေနေရာမှာ မန္တလေးဆည်တော်လေးအုပ်စု ဂိုက်တန်းကျေးရွာတွင်ရှိပြီး အွန်လိုင်းတွင် ဓာတ်ပုံများ၊ ဘလော့များ၊ TikTok တွင် ညွှန်းဆိုကြသူများမှတစ်ဆင့် အဆိုပါနေရာသို့ လာရောက်လည် ပတ်သူများလာခြင်းဖြစ်သည်။
အပန်းဖြေနေရာတွင် အနားယူနိုင်ရန်ဘန်ဂလိုကဲ့သို့ အဆောက်အအုံများ၊ ထန်းလက်တဲများနှင့် စျေးဆိုင်များရှိကာ ချောင်းရိုးတစ်လျှောက်အပန်းဖြေ ရေကစားနိုင်ရန် ဆောင်ရွက်ထားပြီး ဝင်ကြေးအဖြစ် အဝင်ဂိတ်တွင် တစ်ဦးလျှင် ကျပ်တစ်ထောင် ကောက်ခံကာ ကားရပ်နားရန်၊ ဆိုင်ကယ်ရပ်နားရန်အတွက် ရပ်နားသည့်နေရာ ခြံရှင်များက သတ်မှတ်နှုန်းထားများအဖြစ် ထပ်မံကောက်ယူကြောင်း သိရသည်။