ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ မြို့ကြီးများတွင် ဆက်လက်ပြုလုပ်နေပြီး စုစုပေါင်း ၃၁ မြို့ရှိပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း (ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှ့ံထွက်ပေါ်လာပြီးနောက် ယင်းဖြစ်စဉ်အပေါ် အခြေခံ၍ ဇန်နဝါရီ ၉ ရက်မှစတင်ကာ မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အထိ ဆန္ဒပြပွဲများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မကွေးမြို့တို့တွင် ပြုလုပ်ခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၃ ရက်တွင် ဆန္ဒပြပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ မြို့လည်ကျောက်တိုင် ဘောလုံးကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်းတွင် လည်းကောင်း၊ မိုင်းဖြတ်မြို့ အခြေခံပညာမူလတန်းကျောင်း (ဝမ်မိုင်)နှင့် မိုင်းဆတ်မြို့ သဗ္ဗညုဘုရားတို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့မအားကစားကွင်းတွင်လည်းကောင်း၊ ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင်လည်းကောင်း၊ ကော့သောင်းမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရခိုင်ဘုရားကြီးဝင်းတွင်လည်းကောင်း၊ နတ်မောက်မြို့ ဗိုလ်တေဇဘောလုံးကွင်းတွင်လည်းကောင်း၊ မြို့သစ်မြို့ မြို့မအားကစားကွင်းနှင့် သက်ရက်မြို့ ခရိုင်အားကစားကွင်း၌လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းအားကစားကွင်း၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့အတူ ဇန်နဝါရီ ၁၄ ရက်တွင် ဆန္ဒပြပွဲများကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌လည်းကောင်း၊ ကန့်ဘလူမြို့ မြို့တော်ခန်းမအနီးတွင်လည်းကောင်း၊ ကလေးမြို့ လွတ်လပ်ရေး ကျောက်တိုင်ပန်းခြံတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့ ဆုတောင်းပြည့်ဘုရားဝင်းရှေ့တွင်လည်းကောင်း၊ စစ်ကိုင်းမြို့ မြို့မဘောလုံးအားကစားကွင်းတွင်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မြို့သစ်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရွှေမုဋ္ဌောဘုရားရင်ပြင်တွင်လည်းကောင်း၊ ဂန့်ဂေါမြို့ခရိုင်အားကစားကွင်းတွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒပွဲများတွင် သံဃာတော်များနှင့် ဆန္ဒပြပွဲဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခြင်းနှင့် ဆန္ဒပြပွဲတက်ရောက်လာသူများက သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ (ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက် သောင်းကျန်းသူ မှန်သမျှ (ဆန့်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့်ဘုရား၊ စေတီ၊ ဆင်းတုတော်များအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ) စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်မှုများပြုလုပ်ကာ မြို့အသီးသီးတွင် စီတန်းလှည့်လည်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။