ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို တောင်ကလေးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂၊ ၁၃၊ ၁၄ ရက်များက ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲတွင် ပထမတန်း ရိုးရာလက်ဝှေ့ကျော်များ၏ တွဲဆိုင်းများ ထည့်သွင်းကျင်းပခဲ့ပြီး သျှူးခလိန်းမင်းနှင့် စောမင်းအောင်၊ ရန်နိုင်ထွန်းနှင့် တောက်ရှား၊ နေထူးထူးနှင့် သွေးသစ်အောင်တို့ အရှုံးအနိုင်မပေါ်ဘဲသရေကျခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ၏ ပထမဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး လေးချီစိန်ခေါ်ပွဲများတွင် ဒေါနကျော်ကျော်နှင့် အောင်ကောင်းမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ကျောက်ရိုင်းနှင့် မိုးမြင့်အောင်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ နေရိုင်းနှင့် စိုးမင်းထက်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ငါးချီစိန်ခေါ်ပွဲများတွင် အောင်နေထူးနှင့် မင်းထက်ကျော်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ယင်းနေ့၏ အဓိကတွဲဆိုင်းဖြစ်သည့် နေထူးထူးနှင့် သွေးသစ်အောင်တို့မှာ ယခင်ဆုံခဲ့ဖူးသည့်သူများပီပီ အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့သည်။
ပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး လေးချီစိန်ခေါ်ပွဲများတွင် သကိပိုင်အောင်နှင့် ချစ်ရဲသွေးမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ချစ်ဝိုင်းနှင့် ကညောခွားမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ဇွဲထက်အောင်နှင့် မင်းကိုနိုင်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ငါးချီစိန်ခေါ်ပွဲများတွင် လင်းထက်အောင်နှင့် မြလုံးချောမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ယင်းနေ့၏ အဓိကတွဲဆိုင်းဖြစ်သည့် ရန်နိုင်ထွန်းနှင့် တောက်ရှားတို့မှာ လုံးတူဒေါက်တူ မောင်နှစ်ဦးဖြစ်ခြင်းကြောင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့သော်လည်း အရှုံးအနိုင်မပေါ်ဘဲသရေကျခဲ့သည်။
ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီ ၁၄ ရက်တွင် တွဲဆိုင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး လေးချီစိန်ခေါ်ပွဲများတွင် ကရင်လေးနှင့် နိုင်အောင်ရှင်မှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ သျှူးခလိန်းအောင်နှင့် စီတိုးတွင် စီတိုးက တတိယအချီ၌ အလဲထိုးဖြင့် အနိုင်၊ အောင်မင်းထွန်းနှင့် ထူးကညောမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ငါးချီစိန်ခေါ်ပွဲများတွင် စိုးနောင်ဦးနှင့် အောင်ထက်ဟိန်းမှာ အရှုံးအနိုင်မပေါ်ဘဲသရေ၊ ယင်းနေ့၏ အဓိကတွဲဆိုင်းဖြစ်သည့် သျှူးခလိန်းမင်းနှင့် စောမင်းအောင်တို့တွင် ပထမအချီမှာပင် သျှူးခလိန်းမင်း၏ ဘယ်ထောက်လက်သီးကြောင့် စောမင်းအောင် နဖူးကွဲသွားခဲ့ပြီး ငါးချီပြည့်သည်အထိ အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ကာ အရှုံးအနိုင်မပေါ်ဘဲသရေကျခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသမီးတွဲဆိုင်းများလည်း ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးဆုလာဘ်နှင့် လုံးချောမှာ သရေ၊ ဒေါနဘိုမနှင့် ဖော့နှင်မူးမှာ သရေ၊ ရတနာကျော်နှင့် အဲသောကြာမှာ သရေ၊ ဆက်ဆက်နိုင်နှင့် ပြည့်ပြည့်အောင်မှာ သရေ၊ ဖော့အဲရှူးနှင့် သင်ဇာကျော်မှာ သရေ၊ အဖေ့သမီးနှင့် မူးဖော့သောင့်မှာ သရေကျခဲ့သည်။