သီရိလင်္ကာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့ပြီး သံသယရှိသူအရေအတွက်ကို နှစ်ဆမြှင့်တင်သွားမည်ဟု ဆိုသည်။
ကုလသမဂ္ဂကမူ သီရိလင်္ကာတွင် မူးယစ်သံသယမှုဖြင့် လူပေါင်းသောင်းချီ ဖမ်းဆီးခံထားရသည့် အဆိုပါ စစ်ဆင်ရေးကို ရှုတ်ချခဲ့သည်။
ရဲတပ်ဖွဲ့သည် “တရားမျှတမှု”ဟု အမည်ဝှက်ပေးထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကို ဒီဇင်ဘာလက စတင်ခဲ့ပြီးနောက် လူပေါင်း ၃၀၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ထိုစစ်ဆင်ရေးကို လူ့အခွင့်အ ရေးတက်ကြွလှုပ်ရှားသူများက ရှုတ်ချခဲ့သည်။
ရဲတပ်ဖွဲ့ကမူ ၎င်းတို့သည့် နောက်ထပ် သံသယရှိသူ ၄၂၂၄၈ ဦးကို ဖမ်းဆီးရန် စစ်ဆင်ရေး၏ နောက်တစ်ဆင့်ကို စတင်လုပ်ဆောင်နေကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြောကြားခဲ့သည်။
“ရဲစခန်းအားလုံးဟာ သံသယရှိသူ ၄၂၂၄၈ ဦးကို ဖမ်းဆီးဖို့နဲ့ တရားဥဒေအရ အရေးယူနိုင်ဖို့ နောက်ထပ်တစ်လကြာ တစ်ရက်ကို ၂၄ နာရီ အလုပ်လုပ်ရပါလိမ့်မယ်”ဟု ရဲတပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
သီရိလင်္ကာရဲတပ်ဖွဲ့သည် ခွင့်ပြုချက်မရဘဲ ရှာဖွေမှုများ၊ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ ရိုင်းပျစွာ ဆက်ဆံမှုများ၊ လူမြင်ကွင်းတွင် သံသယရှိသူများကို အဝတ်အစားများချွတ်ပြီး ရှာဖွေမှုများနှင့် ညှင်းပန်းနှိပ်စက် မှုများ ပြုလုပ်မှုစွဲချက်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက ထိုစစ်ဆင်ရေးကို ဝေဖန်ခဲ့ပြီး နှစ်ရက်အကြာတွင် သီရိလင်္ကာရဲတပ်ဖွဲ့၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က သီရိလင်္ကာအစိုးရအား ထိုစစ်ဆင်ရေးကို ပြန်လည်စိစစ်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် လူ့အခွင့်အရေးကို အခြေခံသည့် ချဉ်းကပ်လုပ်ဆောင်မှုများ ပြဋ္ဌာန်းရန် တိုက်တွန်းခဲ့သည်။
“လုံခြုံရေးတပ်ဖွဲ့တွေဟာ ရှာဖွေခွင့် ဝရမ်းတွေမပါဘဲ စီးနင်းဝင်ရောက်မှုတွေ၊ မူးယစ်သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ စစ်တပ်ရဲ့ ပြန်လည်ထူထောင်ရေးစင်တာတွေကို ပို့ပစ်တာတွေကို မကြာခဏ ပြု လုပ်ခဲ့ကြပါတယ်”ဟု တာ့ခ်၏ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးသည် လူ့အဖွဲ့အစည်းအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်နေချိန်တွင် အလွန်ကြီးလေးသည့် ဥပဒေပြဋ္ဌာန်းမှုဖြင့် ချဉ်းကပ်လုပ်ဆောင်မှုသည် အဖြေတစ်ခု မဟုတ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူများကို ကာကွယ်ပေးနေသည့် ရှေ့နေများသည် ရဲအရာရှိများ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း ၎င်းကဆိုသည်။
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သီရိလင်္ကာနိုင်ငံသည် မူးယစ်ဆေးဝါးများ မှောင်ခိုကူးသည့် လမ်းကြောင်းတွင် ခရီးတစ်ထောက်နားသည့် နေရာတစ်ခုအဖြစ် အသုံးချခံနေရသည်ဟု အာဏာပိုင်များက ယူဆထားကြသည်။
ယခုစစ်ဆင်ရေး စတင်ပြုလုပ်ချိန်ကတည်းက ဆေးခြောက် ၃၄၀ ကီလိုဂရမ်၊ ဘိန်း ၇၀ ကီလိုဂရန်အပါအဝင် မူးယစ်ဆေးဝါး ၈၀၀ ကီလိုဂရမ်နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမ်ဘီကာ ဆက်ကူနာနာသန်ကမူ ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများဖြင့် ရှာဖွေခြင်းမဟုတ်ဘဲ ဆင်းရဲမွဲတေသည့် နေရာဒေသများကိုသာ ပစ်မှတ်ထားရှာဖွေနေကာ အကြီးစား မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို လျစ်လျူရှုထားကြောင်း ပြောကြားခဲ့ သည်။