အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က ယီမင်နိုင်ငံရှိ ဟူသီရ်စစ်ရေးပစ်မှတ်များကို တိုက်ခိုက် လိုက်သောကြောင့် ဇန်နဝါရီ ၁၂ ရက်တွင် ရေနံစျေးများသည် ၂ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။
အီရန် ကျောထောက်နောက်ခံပြုထားသော ဟူသီရ်သူပုန်တို့က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ပင်လယ်နီ၌ ကုန်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်ဗြိတိန်တို့က ဟူသီရ်၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ကြောင်လည်း ရေနံစိမ်းစျေးများ မြင့်တက်လာခြင်း ဖြစ်သည်။
အမေရိကန်နှင့်ဗြိတိန်တို့၏ တိုက်ခိုက်မှုများက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော အစ္စရေး-ဟားမာ့စ် စစ်ပွဲအရှေ့အလယ်ပိုင်းသို့ ပြန့်လာခြင်းကို ဖော်ပြနေသည်။ ယီမင်နိုင်ငံတစ်ဝန်း၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ပစ်မှတ်ထားတိုက်ခိုက်မှုများသည် လွတ်လပ်သည့်ရေကြောင်း သွားလာမှုများကို ထိခိုက်စေသည့် ရန်လိုသောလုပ်ရပ်များသို့မဟုတ် အမေရိကန်နှင့်အမေရိကန်မိတ်ဖက်များ၏ စစ်သားများကို တိုက် ခိုက်မှုများအား သည်းခံသွားမည်မဟုတ်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါ၊ နယ်သာလန်တို့က အဆိုပါစစ်ဆင်ရေးကို ထောက်ခံထားသည်ဟု သမ္မတဘိုင်ဒင်က ပြောကြားသည်။
ပင်လယ်နီ၌ ဟူသီရ်လုပ်ဆောင်နေသော တိုက်ခိုက်မှုများက ကမ္ဘာ၏သင်္ဘောဖြင့်ကုန်စည်ပို့ ဆောင်မှုလမ်းကြောင်း ၁၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသော ဥရောပနှင့်အာရှအကြား အရေးပါသော လမ်းကြောင်း၌ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကို အနှောင့်အယှက်ပေးခဲ့သည်။
အောက်တိုဘာကတည်းက ဟူသီရ်သူပုန်များသည် ပင်လယ်နီတွင် ကုန်တင်သင်္ဘောများကို တိုက် ခိုက်ခဲ့သည်။ အစ္စရေးနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်ကို ထောက် ခံကြောင်း ပြသသည့်အနေဖြင့် ဟူသီရ်သူပုန်တို့က ပင်လယ်နီတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်နေ ခြင်းဖြစ်သည်။
ဒိန်းမတ် သင်္ဘောကုမ္ပဏီကြီး မာ့စ်က ၎င်း၏သင်္ဘောများကို ပင်လယ်နီအား ရှောင်ကွင်းမောင်းနှင် စေတော့မည်ဟု ဇန်နဝါရီ ၁၁ ရက် တွင်ပြောကြားခဲ့သည်။ ယင်းသို့ ပင်လယ်နီကို ကွေ့ရှောင်မောင်းနှင်မှုသည် အနာဂတ် တချိန်ချိန်အထိဖြစ်ပြီး နောက်ထပ် အလျဉ်ပြတ်မှုများရှိလာမည်ဟု မာ့စ်က ဖောက်သည်များကို သတိပေးထားသည်။
လွန်ခဲ့သောနှစ်တွင် အမေရိကန်ပြည်ထောင်စုက အလားတူ သင်္ဘောဖြင့် မိမိတို့၏ရေနံများကို ခိုးယူမှုအားတုံ့ပြန်မှုအဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ရေနံတင်သင်္ဘောတစ်စီးကို အီရန်က ဖမ်းဆီးလိုက်ပြီး နောက် အမေရိကန်ကယင်းလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။အီရတ် ရေနံစိမ်းများ တင်ဆောင်ကာ တူရကီကို ထွက်ခွာလာသော ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ရေနံတင်သင်္ဘော ဖမ်းဆီးမှုကို အိမ်ဖြူတော်က ရှုတ်ချခဲ့သည်။
ဟူသီရ်တိုက်ခိုက်မှုများသည် အာရေဗျကျွန်းဆွယ် အနောက်တောင်ဘက်ရှိ ဘက်အယ်လ်မန်ဒက်တွင် အဓိက အာရုံစိုက်ထားခြင်းဖြစ်သည်။ အီရန်၏ဖမ်းဆီးမှုသည် အိုမန်နှင့်အီရန်ကြား ဟောမုဒ်ရေလက်ကြားအနီးတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၂ ရက် နံနက်စောစောတွင် အမေရိကန်နှင့်ဗြိတိန်တို့ ၏ ပြင်းထန်သောလေကြောင်းတိုက် ခိုက်မှုများသည် ဟူသီရ်၏စစ်ရေးပစ်မှတ်များကို အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုများသည် လေတပ်အခြေစိုက်စခန်း၊ လေဆိပ်များ၊ စစ်စခန်းတစ်ခု၊ ဟူသီရ်၏ အယ်လ်-မာဆီရာ ရုပ်သံလွှင့်ရုံတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီသတင်းထောက်များနှင့် မျက်မြင်တွေ့သူများက ပြောကြားသည်။ ၎င်းတို့က ပေါက်ကွဲသံများကို ကြားရသည်ဟု ပြောကြားခဲ့ကြသည်။
“ကျွန်တော်တို့ရဲ့နိုင်ငံကို အမေရိကန်နဲ့ဗြိတိန် သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေက အင်နဲ့အားနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု ဟူသီရ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟူဆိန်အယ်လ်အက်ဇီက ပြောကြားသည်။
“အမေရိကန်နဲ့ဗြိတိန်တို့ဟာ ကြီးကြီးမားမား ပေးဆပ်ကြရဖို့ ပြင်ဆင်ထားကြရတော့မှာပါ။ ဒီဗြောင်ကျကျ ကျူးကျော်မှုရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံကြရဖို့ ပြင်ဆင်ထားကြရပါလိမ့်မယ်”ဟု ၎င်း က ဟူသီရ်မီဒီယာကို ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်းစျေးများမြင့်တက်ခဲ့ရာ အခြားကုန်စျေးနှုန်းများ ပါတက် လာနိုင်သည်။