မေလရှိ မုန်တိုင်းထန်နေသော ညတစ်ညတွင် ကင်အမည်ရှိအမျိုးသားသည် ၎င်းမိသားစုနှင့်အတူအိမ် လုပ်သစ်သားလှေတစ်စင်းကို လှော်ခတ်ကာ ၎င်း၏ကလေးများကို လွတ်လပ်သောဘဝနေထိုင်မှုရရှိရန် မျှော် လင့်ချက်ဖြင့်မြောက်ကိုရီးယားနိုင်ငံမှ ထွက်ခွာလာခဲ့သည်။
စစ်ပွဲကြောင့် ကိုရီးယားကျွန်းဆွယ်နှစ်ပိုင်းကွဲသွားသည့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက မြောက်ကိုရီးယားနိုင်ငံသားသောင်းချီသည် တောင်ကိုရီးယားသို့ထွက် ပြေးလာခဲ့ကြသော်လည်း အများစုသည် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်လေ့ရှိသည်။
ပင်လယ်ရေကြောင်းခရီးဖြင့် ဘက်ပြောင်းထွက်ပြေးခြင်းသည် အလွန်ရှားပါးဖြစ်စဉ်ဖြစ်ကာ ကုန်းလမ်းခရီးထက် ပိုမိုအန္တရာယ်များကြောင်း မြင်တွေ့ရပြီး လူအနည်းငယ်မျှသာ မြောက်ပိုင်းကန့်သတ်မျဉ်းဖြစ်သည့် မြောက်ကိုရီးယားပင်လယ်ရေကြောင်း နယ်စပ်ကိုဖြတ်ကျော်လာကြသည်။
သို့သော် အသက် ၃၁ နှစ်အရွယ်တံငါသည် ကင်သည် ပင်လယ်ရေကြောင်းခရီးဖြင့် ဘက်ပြောင်း ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက် နောက်ဆုံးတွင်သူသည် မိ သားစုဝင်ကိုးဦးနှင့်အတူ နိုင်ငံတွင်းမှ ထွက်ခွာနိုင်ရန် အချိန်ကောင်းကို စောင့်နေခဲ့သည်။
သူသည် နယ်စပ်ကင်းလှည့်မှု ပုံစံကို လပေါင်းများစွာလေ့လာခဲ့ပြီး အခွင့်အရေးတစ်ရပ် ရရှိလာစေရန် စောင့်ဆိုင်းခဲ့သည်။မြောက်ကိုရီးယားသည် COVID-19 ကပ်ရော ဂါ lockdown ကာလပြီးဆုံးပြီးနောက် ၎င်း၏ကမ်းရိုးတန်းပိတ်ဆို့မှုများကို စတင်ရုပ်သိမ်းခဲ့ချိန်သည် ၎င်းအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။
“ကျွန်တော် မြေပြင်အခြေအနေနဲ့ ရာသီဥတုအနေအထားကို လေ့လာခဲ့ပြီး ပင်လယ်ပြင်သတိပေးချက် သက်ရောက်မှုရှိတဲ့ အဆိုးရွားဆုံးညအချိန်မှာ ကျွန်တော်တို့စတင်ထွက်ခွာခဲ့ပါတယ်”ဟု ဆိုးလ်မြို့တော်သို့ ရောက်ရှိနေသည့် ၎င်းကဆိုသည်။
အသက်သုံးနှစ်အရွယ်ကလေး တစ်ဦးအပါအဝင် ၎င်း၏မိသားစုဝင်တစ်ယောက်ချင်းစီသည် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ရန် အတူတကွ ကြိုးပမ်းလုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။
“ကျွန်တော်ဒုတိယအကြိမ် မွေးဖွားလာတယ်လို့ ခံစားမိတယ်”ဟု ကင်က ပြောကြားခဲ့သည်။
“မြောက်ပိုင်းမှာဆိုရင် ကောင်းကင်ပေါ်မှာ ပျံနေတဲ့လေယာဉ်ပျံတွေက ကျွန်တော်အိပ်မက်ထဲမှာ၊ ရုပ်ရှင်ထဲမှာ၊ ဒရာမာကားတွေထဲမှာသာ မြင်နိုင်မယ့်အရာလို့ ထင်ခဲ့ပါတယ်။ဒါပေမဲ့ အခုတော့ ကျွန်တော်ကိုယ်တိုင် စီးခွင့်ရရှိပြီး နောက်ထပ်ဘဝတစ်မှာ မွေးဖွားလာရသလို ခံစားရပါတယ်”ဟု ကင်ကပြောကြားခဲ့သည်။
အတွေ့အကြုံများကို လပေါင်းများစွာ စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် လက်ရှိတွင် ကင်သည်၎င်း၏ ဘဝသစ်ကို ရှေ့ဆက်ရန်အဆင်သင့်ဖြစ်နေပြီး တောင်ကိုရီးယားအာဏာပိုင်များက စီစဉ်ခဲ့သောမြောက် ကိုရီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်ရှာဖွေပေးရေးပွဲသို့ တက်ရောက်ခဲ့သည်။
အချို့ပြည်ပြေးများမှာမူ တောင်ကိုရီးယားတွင် နေသားကျရန် ရုန်းကန်နေကြရသည်။တောင်ကိုရီးယား၏ လျင်မြန်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆယ်စုနှစ်များစွာကြာ အခြေအနေကွဲလွဲမှုများသည် မြောက်ကိုရီးယားပြည်ပြေးများအတွက် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက်နိုင်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကို ကျော်လွှားနိုင်ရန် ရုန်းကန်နေကြရသည်။
ထိုအလုပ်အကိုင်ပြပွဲသည် ပြည်ပြေးများကို အကူအညီပေးနိုင်ရန် အစိုးရက စီစဉ်ထားသောပဏာမ ဆောင်ရွက်ချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
ကုမ္ပဏီများနှင့် အစိုးရအဖွဲ့အစည်းပေါင်း ၁၀၀ ခန့်ပါဝင်သည့် COEX Convention Center တွင် ကျင်းပသော အလုပ်အကိုင်ပြပွဲတွင် ဒါဇင်နှင့်ချီသော အလုပ်အကိုင်အခွင့်အလမ်းများကို မျက်မြင်တွေ့ရခြင်းအပေါ် ကင်သည် အလွန်အံ့အားသင့်လျက်ရှိသည်။
“ကျွန်တော်မြောက်ကိုရီးယားကနေ တိုက်ရိုက်လာရောက်ချိန်ကတည်းက ဒီလိုယဉ်ကျေးမှုတစ်ရပ်ရှိ တယ်ဆိုတာကို အတော်လေး အံ့အားသင့်ခဲ့ရပါတယ်”ဟု ၎င်းက ဝန်ထမ်းခေါ်စာ လက်ကမ်းစာစောင်များကို ကိုင်လျက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ ငါးဖမ်းကဏ္ဍတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် ကင်သည် ရေကြောင်းထိန်း တစ်ဦးဖြစ်ရန် စိတ်ကူးရှိသော်လည်း ၎င်း၏မွေးရပ်မြေ၌ပင် ယင်းစိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်ပေ။
မြောက်ကိုရီးယား၏ သင်္ဘောလုပ်ငန်းသည် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုအောက်တွင်ရှိပြီး အလုပ် အကိုင်အခွင့်အလမ်းများရရှိရန် အလွန်တင်းကျပ်ထားကာ အဆက်အသွယ်နှင့် နောက်ခံအင်အားရှိသူများသာ ယင်းအလုပ်များကို ရရှိနိုင်သည်။
“ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ ရေကြောင်းထိန်းတစ်ဦးဖြစ်ဖို့ဆိုတာ အိပ်မက်တစ်ခု မျှပဲဖြစ်ပါတယ်”ဟုကင်က ဆိုသည်။