ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်သည့် ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူနှင့် သရုပ်ဆောင်များကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင် ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုအခါတွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှု နှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
ယင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများ ကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးနိုင်ရန် အသိပေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။