ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံ နှစ်လယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှသိရသည်။အဆိုပါ ပင်လုံဆေးရုံသည် ဖေဖော်ဝါရီနှင့် မတ်လနှစ်လ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
” ဟုတ်ပါတယ်။ နှစ်လပိတ်မှာပါ” ဟု ပင်လုံဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မည်သည့်အကြောင်းကြောင့် ဆေးရုံအား နှစ်လယာယီပိတ်သိမ်းမည်ဆိုသည်ကို မသိရှိရသေးဘဲ ယင်းဆေးရုံရှိ ဝန်ထမ်းများကို ခွင့်ယူမည့်သူများအနေဖြင့်လည်း ခွင့်ယူနိုင်ကြောင်း၊ ခွင့်မယူဘဲနေသူများကိုလည်း လစာ၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့နှင့် နီးစပ်သူများက ပြောကြားသည်။
” ဆေးရုံဘက်ကတော့ ခွင့်ယူချင်လည်း ယူလို့ရတယ်ပြောတယ်။ ခွင့်မယူတဲ့သူတွေကိုလည်း လစာ တဝက်ပေးမယ်ပြောတယ်။ လိုအပ်တဲ့အချိန်ကျရင်တော့ အလုပ်လာပေးရမယ်လို့လည်း ပြောတယ်။ ဆေးရုံကတော့ ပိတ်ထားပေမယ့် တခြားနေရာမှာ လိုအပ်ရင် လုပ်ပေးရမယ့် သဘောပေါ့။ အခုလူနာတွေကိုလည်း တခြားဆေးရုံတွေကို ပြောင်းပေးထားတယ်။ အဲ့ဒီမှာ ဆင်းရမယ့်သဘောပေါ့။ နောက်ပြီး သင်တန်းတွေ ဘာတွေ တက်ရင်တက်ရမယ်ပေါ့” ဟု ပင်လုံဆေးရုံတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိအနေဖြင့် ပင်လုံဆေးရုံတွင် လူနာများကိုလည်း လက်ခံကုသပေးခြင်းမရှိဘဲ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကိုလည်း အခြားဆေးရုံများသို့ လွှဲပြောင်းပေးခြင်းများရှိသည်ဟု ပင်လုံဆေးရုံတွင် တက်ရောက်ကုသခဲ့သူတစ်ဦးက ပြောကြားသည်။
” အဲ့ဒီမှာ ကျောက်ကပ်ဆေးနေရတာ။ အခုတော့ တခြားဆေးရုံမှာ ဆေးဖို့ ပြောတယ်။ ဆေးရုံက ယာယီပိတ်မယ်လို့ သိရတယ်။ ဘာကြောင့်ပိတ်တာလဲဆိုတာတော့ မသိရဘူး” ဟု ပင်လုံဆေးရုံတွင် တက်ရောက်ကုသခဲ့သူတစ်ဦးက ပြောကြားသည်။