အိန္ဒိယနိုင်ငံ နယ်စပ်တစ်လျှောက် လုံခြုံရေးဆိုင်ရာ အနာဂတ်စိတ်မှန်းဖြစ်နိုင်ခြေများကို ထုတ်ဖော်ပြောကြားသည့်အနေဖြင့် အိန္ဒိယကြည်းတပ်စစ်ဦးစီးချုပ် မနို့ဂျ်ပန်ဒီက အိန္ဒိယ-မြန်မာ နယ်စပ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို စိုးရိမ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး မနို့ဂျ်သည် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလင်နက်ကိုင်များအကြား လှုပ်ရှားမှုများ၏ သက်ရောက်မှုကို အလေးထားပြောဆိုသည့် အနေဖြင့်နှစ်နိုင်ငံ နယ်စပ်အရေးကို စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယမြောက်ပိုင်းနယ်စပ် အထူးသဖြင့် လာဒက်ဒေသ၏ အခြေအနေသည် ထိလွယ်ရှလွယ် အနေအထားမျိုးတွင် ရှိနေဆဲဖြစ်သည်ဟု မနို့ဂျ်က အိန္ဒိယ၏ Army Day မတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ထို့ပြင် ဘူတန်နိုင်ငံသားများသည်လည်း အိန္ဒိယ၏ နယ်နိမိတ်များတွင် ခိုလှုံရန် ကြိုးပမ်းနေကြောင်း၄င်းက ဆိုသည်။
“ကျွန်တော်တို့အတွက် စိုးရိမ်စရာက အိန္ဒိယ-မြန်မာ နယ်စပ်အခြေအနေပဲ။ ဘူတန်နိုင်ငံသားတွေကလည်း မီဇိုရမ်နဲ့ မဏိပူရပြည်နယ်တွေမှာ ခိုလှုံနေတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ဖိအားပေးခံထားရတဲ့ သောင်းကျန်းသူတွေ ရှိနေသလို မဏိပူရပြည်နယ်ထဲကို ဝင်ဖို့ ကြိုးစားနေကြပါတယ်” ဟု ပန်ဒီက ပြောသည်။
မဏိပူရပြည်နယ်၏ အခြေအနေကို ရှုပ်ထွေးစေမည့် ထိုအရေးကိစ္စကို အနီးကပါစောင့်ကြည့်နေကြောင်း၊ အာသံရိုင်ဖယ်တပ်ရင်း ၂၀ ကို နှစ်နိုင်ငံ နယ်စပ်တွင် ဖြန့်ကြက်ချထားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို ပိုမိုလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ပန်ဒီက ပြောကြားခဲ့သည်။