ယခုဆောင်းရာသီအတွင်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ ကျရောက်နေသည့် COVID-19 နှင့် တုပ်ကွေးရောဂါများကို ကာကွယ်သည့် နောက်ဆုံးပေါ်ကာကွယ်ဆေးများ ထိုးနှံမှုနှုန်း လျော့ကျနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပြည်သူ့ကျန်းမာရေးအရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
မကြာသေးမီသီတင်းပတ်များအတွင်း အမေရိကန်နှင့် ဥရောပနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နေရာဒေသများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကြောင့် ဆေးရုံတင်ကုသရသည့် လူနားများ မြင့်တက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အချို့ ဒေသများတွင် သက်ကြီးပိုင်း လူနာများအကြား သေဆုံးမှုများ မြင့်တက်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါ အမြင့်ဆုံးကာလက သေဆုံးမှုများနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျခဲ့သည်။
စပိန်အစိုးရကမူ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများတွင် နှာခေါင်းစည်းများ ဝတ်ရမည့် စည်းကမ်းကို ပြန်လည်ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ အချို့ ဆေးရုံများတွင်လည်း နှာခေါင်းစည်းများ ဝတ်ရမည့် စည်းကမ်းကို ထုတ်ပြန်ခဲ့သည်။
“တုပ်ကွေးရောဂါကြောင့် လူတွေအများကြီး အရေးပေါ် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။ ဒီရောဂါကိုတားဆီးနိုင်တဲ့ အခြေအနေမျိုးမှာတောင်ပေါ့” ဟု WHO ၏ ကူးစက်ရောဂါနှင့် ကပ်ရောဂါ ပြင်ဆင်ရေး ယာယီညွှန်ကြားရေးမှူး မာရီယာဗန်ခါခိုဗီက ပြောကြားခဲ့သည်။
ယခုနှစ်ဆောင်းရာသီအတွင်း နိုင်ငံအများစုတွင် တုပ်ကွေးနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံမှုနှုန်း အလွန်အမင်းလျော့နည်းနေသည်ဟု ၎င်းက ဆိုသည်။
အမေရိကန်တွင် ယခုနှစ်ရာသီအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူသည့် အရွယ်ရောက်ပြီး လူဦးရေနှုန်းမှာ ၁၉ ဒသမ ၄ ရာ ခိုင်နှုန်းသာရှိခဲ့သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်လအတွင်း COVID-19 ကြောင့် လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုရောဂါသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ခရစ္စမတ်အားလပ်ရက်ကာလတွင် လူစုဝေးမှုများနှင့် ကမ္ဘာတစ်ဝန်း ကူးစက်မှုအများဆုံးဖြစ်သည့် JN.1 မျိုးကွဲဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်ခဲ့သည်ဟု WHO က များပြားသည့် သတင်းရင်းမြစ်များ၏ အချက်အလက်များကို ကိုးကားပြီး ပြောကြားခဲ့သည်။
“COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ပေမယ့် ဗိုင်းရပ်စ်ဟာ ဆက်လက်ပျံ့နှံ့နေတာ၊ မျိုးကွဲတွေပြောင်းလဲနေတာနဲ့ လူတွေ သေဆုံးတာတွေ ရှိေနေဆဲဖြစ်ပါတယ်” WHO အကြီးအကဲ တက်ဒရို အက်ဒါနွမ်ဂေဘရီယေ ဆုက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၀၀၀ နီးပါးရှိခဲ့သည့်အပြင် ထိုရောဂါကူးစက်မှုကြောင့် ဆေးရုံတွင် ဆေးဝါးကုသမှုခံရယူသည့်နှုန်းသည် ၄၂ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရသည့်နှုန်းသည် ၆၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင့် နိုဝင်ဘာလက ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပြီး WHO က ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုကိန်းဂဏန်းများသည် ဥရောပနှင့် အမေရိကနိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၅၀ အောက်မှ အချက်အလက်များကိုသာ အခြေခံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။
“သတင်းမထုတ်ပြန်တဲ့ အခြားနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေမှာ သေချာပါတယ်။ အစိုးရတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီဟာ အခြားရောဂါတွေအတွက်သာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပြီး COVID-19 ကိုကာကွယ်ဖို့လည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု တက်ဒရိုက ပြောကြားခဲ့သည်။