ကုလသမဂ္ဂထိပ်တန်း တရားရုံးရှေ့မှောက်၌ အနီးကပ်စောင့်ကြည့်ခံနေရသော အထင်ကအမှုတွင် အစ္စရေးက ဂါဇာ၌ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သောဟူသော ဆိုးဆိုးရွားရွား စွပ်စွဲမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ချေပသွားမည်ဟု သိရသည်။
တောင်အာဖရိကနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် အရေးပေါ်အမှုကို ဖွင့်လှစ်ပြီး အစ္စရေးသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီတို့က ဂျူးများကို အစုလိုက်အပြုံလိုက်သတ်မှတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်လက်မှတ်ရေးထိုးခဲ့သော ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှု ပဋိညာဉ်ကို ချိုးဖောက်နေသည်ဟုဆိုသည်။
အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင်အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးအစိုးရကထုတ်ပြန်ထားသည်။ ပြန်ပေးဆွဲ ခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေ သောဂါဇာကမ်းမြောင်ကိုအစ္စရေးကမြေပြင် ထိုးစစ် ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၄၆၉ ဦး သေဆုံးထားသည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုဖန်တီးနေသည်ဟုဆို ကုလသမဂ္ဂက ပြောကြားထားသည်။
ဂါဇာ၌ အစ္စရေးဆင်နွှဲနေသော စစ်ဆင်ရေးကို ချက်ချင်းရပ်ရန် ICJ တရားသူကြီးများက အစ္စရေးကို ဖိအားပေးရန်တောင်အာဖရိက နိုင်ငံက ဆန္ဒရှိနေသည်။
အစ္စရေးနှင့် အစ္စရေးမဟာမိတ် အမေရိကန်တို့က အခြေအမြစ်မရှိဟုဆိုကာ အမှုကို ပယ်ချထားပြီး ICJ တည်ရှိရာ သည်ဟိတ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ ခိုင်ခိုင်မာမာ ခုခံကာကွယ်သွားမည်ဟု ပြောကြား ခဲ့ကြသည်။
“မဟုတ်ပါဘူး၊ တောင်အာဖရိက၊ လူမျိုးတုံးသတ်တာကို ကျူးလွန်တာ ကျွန်တော်တို့မဟုတ်ပါဘူး။ ဟားမာ့စ်ဖြစ်ပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အမှုမတိုင်မီ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ ခုခံစစ်၊ တရားရေးနဲ့ ပြိုင်ဘက်မရှိတဲ့ ကိုယ်ကျင့်တရားတို့ကို ဆက်လုပ်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တောင်အာဖရိက အမှုသည် အခြေအမြစ်မရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူးမေလာက ပြောကြားခဲ့သည်။
“အမှန်တကယ်ကတော့ အစ္စရေးကို ရက်ရက်စက်စက်တိုက်ခိုက်နေပြီး အစ္စရေးပျက်သုဉ်းရေးနဲ့ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရေးတို့ကိုပွင့်လင်းစွာ ဆက်လက်တောင်းဆိုနေကြတဲ့သူတွေကလူမျိုး တုံးသတ်ဖြတ်တာကို ကျူးလွန်နေတာ ဖြစ်ပါတယ်”ဟု မေလာက ပြောကြားခဲ့သည်။
ICJ သည် တောင်အာဖရိက၏ မေတ္တာရပ်ခံချက်အရ သီတင်းပတ်အနည်းငယ်အတွင်း အမိန့်ချသွားမည်ဖြစ်သည်။ ICJ ၏ စီရင်ဆုံးဖြတ်ချက်များသည် အမိန့်အာဏာတည်ရန် အာဏာစက် အနည်းငယ်သာရှိ သောဆုံးဖြတ်ချက်များဖြစ်သည်။