ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးခံရမှု အပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးအပါအဝင် မြို့ကြီးများတွင် ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း(ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့်ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှ့ံထွက်ပေါ်လာပြီးနောက် ယင်းဖြစ်စဉ်အပေါ် အခြေခံ၍ ကန့်ကွက်ဆန္ဒပြပွဲများပြုလုပ်နေခြင်းဖြစ်သည်။
ထိုသို့ ကန့်ကွက်မှုများကို ဇန်နဝါရီ ၉ ရက်တွင် မန္တလေးမြို့၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(မန္တလေး)နှင့် ကန့်ကွက်ဆန္ဒထုတ်ဖော်သူများက မန္တလေးမြို့နေရာသုံးနေရာတွင် လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။
ထို့အတူ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၁၀ ရက်က သံဃာတော်များ၊ ကန့်ကွက်ဆန္ဒထုတ်ဖော်သူများသည် သမ္မတရုပ်ရှင်ရုံမှစတင်ကာ မြို့တော်ခန်းမရှေ့အထိ စီတန်းလမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။
အလားတူ ဇန်နဝါရီ ၁၁ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆန္ဒပြခဲ့ပြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင် နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခြင်း၊ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာသူများက “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ ဘာသာအကျိုး ဒို့သည်ပိုး၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော ပြည်ဖျက် မိစ္ဆာများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်သမားများ ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်လာလိမ့်မည်”စသည့် ကြွေးကြော််သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထို့ပြင် ဇန်နဝါရီ ၁၂ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ မြို့တော်ခန်းမရှေ့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စူဠာမုနိလောက ချမ်းသာဘုရားစေတီရင်ပြင်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ခရိုင်င်အားကစားကွင်း၌ လည်းကောင်း၊ ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားဝင်းအတွင်း၌ လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့ မြို့နယ်အားကစားကွင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့ ကန်သာရပ်ကွက်၊ ကန်သာကန်၌လည်းကောင်း ဘုရားစေတီများအား ဖျက်ဆီးမှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများတွင် သံဃာတော်များနှင့် ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခြင်း၊ ယင်းကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာသူများက ကန့်ကွက်သည့်ကြွေးကြော်များ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။