ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)မစ္စတာ ဆာလွန်ကဲအို ကစ်တီကွန်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်တို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမရှိ ဧည့်တွေ့ဆောင်၌ တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ကျင်းပမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်က မေးမြန်းသည့် သိရှိလိုချက်များအပေါ် ပြည်ထောင်စုရွးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီများ၏ တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်လှယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်၊ နိုင်ငံရေးပါတီ (၄၂)ပါတီမှ ဥက္ကဋ္ဌများ၊ ပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။