ပင်လယ်ပြင်မှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်မည့် ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တပ်မတော်က မြန်မာ့ပင်လယ်ပြင်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင် (ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်) ၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ လေးဦးနှင့်အတူ ကျပ် ၃၆ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီခွဲခန့် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အိုက်စ်(မက်သ်အဖက်တမင်း)များ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင်(ခ)ဆရာချစ်နှင့် ကျော်ဇင်ဦးတို့ပါ ဖမ်းဆီးရမိသူ ခုနစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။