အိန္ဒိယနိုင်ငံနှင့်အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို မော်ဒိုက်ဝန်ကြီးအချို့ပြောဆိုခဲ့သည့် ရိုင်းစိုင်းသည့် မှတ်ချက်များကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာပြီးနောက် မော်ဒိုက်တွင် ရုပ်ရှင်သွားမရိုက်ကြရန်နှင့် ပြည်တွင်း၌သာ ရိုက်ကူးကြရန် အိန္ဒိယရုပ်ရှင် လောကသားများအကြား သပိတ်မှောက် တောင်းဆိုမှုများ ရှိလာသည်။
အနောက်အိန္ဒိယ ရုပ်ရှင်လောကသားများသမဂ္ဂ (FWICE) က ဝန်ကြီးချုပ်မိုဒီအပေါ် မော်ဒိုက်ဝန်ကြီးသုံးဦး ပြောဆိုခဲ့သည်များကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံဘက်မှ ရပ်တည်သည့် အနေဖြင့် အိန္ဒိယနှင့်ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ထုတ်လုပ်သူများအားလုံး မော်ဒိုက်တွင် ရုပ်ရှင်သွားရိုက်ကူးခြင်းများ မပြုလုပ်ရန်နှင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းကိုပါ မြှင့်တင်ရာရောက်အောင် အိန္ဒိယရှိ အလားတူနေရာများကို ရွေးချယ်ရိုက်ကူးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်လိုက်သည်။
ဝန်ကြီးချုပ်မိုဒီသည် အိန္ဒိယရှိ လက်ရှာဒွိကျွန်းကို မကြာသေးမီက သွားလည်ခဲ့ပြီး ကမ်းခြေတွင် အနားယူနေသည့်ဓာတ်ပုံများ၊ ရေငုပ်နေသည့်ပုံများကို ဆိုရှယ်မီီဒီယာတွင် တင်ခဲ့သည်။ အိန္ဒိယ၏လှပသည့်နေရာများကို လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်ခြင်းမျိုးဖြစ်ပြီး ၎င်းအပေါ် မော်ဒိုက်ဝန်ကြီးသုံးဦးက ရိုင်းစိုင်းစွာမှတ်ချက်ပေးခဲ့ကြသည်။ မိုဒီကို ငတုံး ၊ အစ္စရေး၏ရုပ်သေးရုပ်ဟု ၎င်းတို့ ကခေါ်ခဲ့ကြသည်။ မော်ဒိုက်အစိုးရဘက်ကမူ ၄င်းဝန်ကြီးသုံးဦးကို အလုပ်တာဝန်မှ ရပ်ဆိုင်းလိုက်ပြီဟု ကြေညာထားသည်။
ယင်းဖြစ်စဉ်ကြောင့် မော်ဒိုက်သို့ မကြာခဏသွားလေ့ရှိသည့် အိန္ဒိယဆယ်လီအများစုက အိန္ဒိယကျွန်းများကို ပို့စ်တင်ကြော်ငြာပေးခြင်းများ ပြုလုပ်လာကြသည်။ထိုအထဲတွင် ဆယ်လ်မန်ခန်းနှင့် အက်ရှေးကူးမားတို့လည်း ပါဝင်သည်။
အက်ရှေးကူးမားက အိန္ဒိယသည် မော်ဒိုက်သို့ တိုးရစ်အများဆုံး လွှတ်ပေးနေသည့် နိုင်ငံဖြစ်ပြီး ယင်းသို့ ဆက်ဆံခံရသည့်အပေါ် အံ့သြရကြောင်း၊ အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများအပေါ်ကောင်းပြီး ယခုကဲ့သို့ မလိုအပ်ဘဲ မုန်းတီးနေသည်ကို သည်းခံနေရန်မလိုကြောင်း ၊ မော်ဒိုက်ကို သူအကြိမ်ရေများစွာ သွားလည်ခဲ့ပြီး အမြဲချီးကျူးခဲ့ကြောင်း၊ သို့သော်ဂုဏ်သိက္ခာက အရေးအကြီးဆုံးဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။