အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ၎င်းဆေးရုံတက်ရသည့် အကြောင်းကို အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့ကို အသိပေးရန် ရက်များစွာစောင့်ဆိုင်းခဲ့သည့်အတွက် ဝေဖန်မှုတိုးလာသည့် အ ရေးနှင့်ရင်ဆိုင်နေရပြီး ကြီးကြီးမားမား အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားနေချိန်အတွင်း ၎င်း၏အခြေအနေနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူများကိုအသိမပေးခဲ့ပေ။
ကြိုတင်ကုသမှုလုပ်ဆောင်ရင်း ရောဂါသစ်တိုးလာသည့်အတွက် အော်စတင်သည် ဇန်နဝါရီ ၁ ရက်တွင် ဝေါလ်တာရိဒ်အမျိုးသား စစ်ဆေးရုံကို တက်ရောက်ခဲ့ရသည်ဆိုသော်လည်း ပင်တဂွန်သည် နောက်လေးရက်ကြာသည်အထိ အော်စတင်ဆေးရုံတက်နေရသည့်အကြောင်းကို အများပြည်သူထံ ထုတ် ပြန်ပေးခြင်းမရှိခဲ့ပေ။ ထို့အပြင် အခြားအစိုးရထိပ်တန်းတာဝန်ရှိသူများကို အသိပေးရန်လည်း စောင့်ဆိုင်းခဲ့သည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲမှ ကူးစက်လာသည့်ပြဿနာကို ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စုလုံးပန်းနေရချိန်တွင် အသက် ၇၀ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီး ဆေးရုံ တက်နေရခြင်းဖြစ်သည်။ အီရတ်နှင့်ဆီးရီးယားတို့တွင် ချထားသော အမေရိကန်စစ်သားများ တိုက်ခိုက်ခံနေရပြီး ပင်လယ်နီရေလမ်းကြောင်းကို ဖြတ်သန်းခုတ်မောင်းနေသော ကုန်သင်္ဘောများကို ယီမင်၏ဟူသီရ်သူပုန်တို့က တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည်အစ္စရေး-ဟားမာ့စ် စစ်ပွဲမှ ကူးစက်လာသော ပြဿနာများဖြစ်သည်။
အရှေ့အလယ်ပိုင်း ဝရုန်းသုန်းကားဖြစ်နေခြင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီး လေးရက်ကြာ ဆေးရုံတက်နေရပြီး ယင်းကိစ္စကို သမ္မတဂျိုးဘိုင်ဒင် မသိရခြင်းသည် တုန်လှုပ်စရာကောင်းသည်ဟု နိုင်ငံရေးအန္တရာယ်များ၏သက်ရောက်မှုကို လေ့လာဆန်းစစ်သောအုပ်စု ယူရေးရှား၏ဥက္ကဋ္ဌအီယန်ဘရမ်းမား က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။
ယင်းအခြေအနေကြောင့် သမ္မတသည် ကာကွယ်ရေးဝန်ကြီးအော်စတင်နေရာကို လူစားထိုးရန် အခွင့်အရေးရှိနေသည်ဆိုသော်လည်း အိမ်ဖြူတော်ကမူ ကာကွယ်ရေးဝန်ကြီးဘက်က မားမားမတ်မတ်ရပ်တည်နေသည်ဟု ဘရမ်းမားက ပြောကြားသည်။
အော်စတင်သည် အသေးစိတ်ဖော်ပြထားခြင်းမရှိသော ဆေးစစ်မှုကို ဒီဇင်ဘာ ၂၂ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံမှ ဆင်းလာခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီ ၁ ရက်တွင် ပြင်းပြင်းထန်ထန် စတင်နာကျင်လာကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ်ဖြင့် ဝေါလ်တာရိဒ်ဆေးရုံကို တင်လိုက်ရကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်သူ ဗိုလ်ချုပ် ပက်ရိုက်ဒါက ဇန်နဝါရီ ၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အော်စတင်၏ လုပ်ပိုင်ခွင့်အာဏာအချို့ကို ဇန်နဝါရီ ၂ ရက်တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ကက်သလင်းဟစ်ထံလွှဲပေးခဲ့သည် ဆိုသော်လည်း ၎င်းဆေးရုံတက်နေရသည့် အကြောင်းကို နှစ်ရက်ကြာသည်အထိ ကက်သလင်းဟစ်အားပြောခဲ့ခြင်းမရှိဟု ရိုက်ဒါက ပြောကြားခဲ့သည်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကိုလည်း အလားတူ ဇန်နဝါရီ ၄ ရက်တွင် အကြောင်းကြားခဲ့ပြီး အိမ်ဖြူတော်ကိုလည်း ဇန်နဝါရီ ၄ ရက်တွင် အသိပေးခဲ့သည်ဆိုသော်လည်း ပင်တဂွန်က အများပြည်သူအတွက် ကြေညာချက်ထုတ်ပြန်ပေးသည့်နေ့နှင့်တစ်ရက်တည်းဖြစ်သည့် ဇန်နဝါ ရီ ၅ ရက်အထိ ကွန်ဂရက်ကို အသိပေးခဲ့ခြင်းမရှိပေ။
အော်စတင်ရုံး၏အကြီးအကဲသည် တုပ်ကွေး ဖြစ်နေသဖြင့် အသိပေးအကြောင်းကြားမှုများ နှောင့်နှေးသွားခြင်းဖြစ်သည်ဟု ရိုက်ဒါက ပြောကြားခဲ့သည်။
“အိမ်ဖြူတော်နဲ့ ကွန်ဂရက်ဆိုင်ရာ အကြောင်းကြားချက်တွေ ပါဝင်စေဖို့ အဲဒီအသိပေးအကြောင်းကြားမှု လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ လောလောဆယ် လေ့လာ ဆန်းစစ်နေပါတယ်”ဟု ၎င်းကသတင်းထောက်များကို ပြောကြားခဲ့သည်။