ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၏ အုပ်ချုပ်မှုသက်တမ်းကို ထပ်မံဆွဲဆန့်ပေးခဲ့သော ပြီးခဲ့သည့် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုနှင့် လွတ်လပ်မျှတမှုမရှိကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် နိုင်ငံတို့က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆက်ဆံမှုများရှိနေသည့် ၎င်းနှစ်နိုင်ငံစလုံးက ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကိုလည်း ရှုတ်ချခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ အာဏာရ အာဝါမီ(Awami)အဖွဲ့ချုပ်ပါတီသည် ရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ လေးပုံသုံးပုံကို အနိုင်ရရှိခဲ့ကာ ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာက ပဥ္စမမြောက် ရာထူးသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လူဦးရေ သန်း ၁၇၀ ခန့် နေထိုင်သည့် တောင်အာရှနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီ ၇ ရက်က အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ၎င်းရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ဦးရေမှာ ၄၀ ရာခိုင်နှုန်း ခန့်သာရှိကြောင်း ကနဦး သတင်းဖော်ပြချက်များအရ သိရသည်။
လွှတ်တော်အမတ်များကို တိုက်ရိုက်ရွေးကောက်တင်မြှောက်မည့် ရွေးကောက်ပွဲများကို လွှတ်တော်မဲဆန္ဒနယ် ၃၀၀ တွင် ကျင်းပခဲ့သည်။
“ထောင်နဲ့ချီတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ ဖမ်းဆီးခံရတာနဲ့ ရွေးကောက်ပွဲနေ့ မှာ မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ်အမေရိကန်က စိုးရိမ်တကြီးရှိနေပါတယ်။ အဲဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှုမရှိတာကို တခြားလေ့လာစောင့်ကြည့်သူတွေနည်းတူ မိမိတို့လည်း ယူဆမိသလိုပါ တီအားလုံး ပါဝင်နိုင်ခြင်း မရှိတဲ့အပေါ် စိတ်မကောင်းဖြစ်မိပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မက်သယူး မေလာက ပြောကြားခဲ့သည်။
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် တိကျခိုင်မာစွာ စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို တာဝန်ခံခိုင်းရန်လည်း ၎င်းက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့သည်။
ရွေးကောက်ပွဲအကြို ကာလကတည်းကပင် ဒီမိုကရေစီ စံနှုန်းများနှင့် ပြည့်မီခဲ့ခြင်းမရှိဟု ဗြိတိန်ကလည်း ပြောကြားခဲ့သည်။
“ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမျှတတဲ့ ယှဉ်ပြိုင်မှုအပေါ်မှာ အခြေတည်ပါတယ်။ လူ့အခွင့်အရေးကို လေးစားမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ သမာသမတ်ကျတဲ့ လုပ်ငန်းစဉ်တွေဟာ ဒီမိုကရေစီဖြစ်စဉ်ရဲ့မရှိမဖြစ် လိုအပ်ချက်တွေဖြစ်တယ်။ ရွေးကောက်ပွဲနေ့ မတိုင်ခင်က အတိုက်အခံပါတီဝင် အများအပြား ဖမ်းဆီးခံရတဲ့အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မကင်းဖြစ်မိပါတယ်”ဟု ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တရုတ်၏သြဇာ ကြီးထွားလာစဉ် ဘင်္ဂလားဒေ့ရှ်သည် အိမ်နီးချင်း အိန္ဒိယကဲ့သို့ပင် အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်၏ အရေးပါသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံအချို့ကမူ ဟာဆီနာ၏ အောင်ပွဲအတွက်ဂုဏ်ပြုပြောဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မိတ်ဝတ်မပျက် ဆက်လက်လက်တွဲသွားမည်ဟု ကတိပြုခဲ့သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီအနိုင်ရခဲ့ပြီး ဝန်ကြီးချုပ်ဟာဆီနာက ပဥ္စမမြောက် ရာထူးသက်တမ်းကို ထပ်မံထမ်းဆောင်ခွင့်ရခဲ့သည့်အပေါ် တရုတ်က ဇန်နဝါရီ ၉ ရက်တွင် ဂုဏ်ပြုခဲ့သည်။
“နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အပေါ် ဂုဏ်ပြုပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အာဝါမီအဖွဲ့ချုပ်ပါတီကိုလည်း ဂုဏ်ပြုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ဆိုသည်။