မြန်မာဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေးသည် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း ဒေါ်မာမာအေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“ဂန္တဝင်ဂီတမိခင်ကြီး အမေဒေါ်မာမာအေး ဒီကနေ့ ညနေ ၆ နာရီ ၂၈ မိနစ်က ဖိုတ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စရောက်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု ဒေါ်မာမာအေးနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့တွင် နေထိုင်သည့် ဒေါ်မာမာအေးမှာ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် နံနက် ၅ နာရီ ၅၈ မိနစ်တွင် ကွယ်လွန်ခဲ့သည်။
၁၉၄၂ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် မွေးဖွားခဲ့သည့် ဒေါ်မာမာအေးမှာ သွေးလေးဖက်နာ ရောဂါကို ခံစားခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၈၁ နှစ်ရှိပြီဖြစ်သည်။
ဒေါ်မာမာအေးကို မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ မွေးဖွားခဲ့ပြီး ဖခင်မှာ နှဲဆရာ ဦးအေး၊ မိခင်မှာ ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့ဖြစ်ကာ အမည်ရင်းမှာ မအေးမြင့်ဖြစ်သည်။ အသက် ၃ နှစ်ကျော်မှစ၍ “ခေတ်သစ်ရာဇဝင် ပြဇာတ်အဖွဲ့” တွင် သီချင်းဆို၊ ပြဇာတ်ကခဲ့သည်။ အသက် ၈ နှစ်တွင် စတင် အသံလွှင့်ခဲ့သည်။
သန်းသန်းမြင့် အမည်ဖြင့် “စန္ဒရားမြမြအေး အပျော်တမ်း တူရိယာအဖွဲ့”၊ မြင့်မြင့်အေး အမည်ဖြင့် “ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာအဖွဲ့”၊ “မြင့်သီရိ အပျော်တမ်း တူရိယာအဖွဲ့”၊ “ချိုတေးရှင် တူရိယာအဖွဲ့”၊ မာမာအေး အမည်ဖြင့် “ရဲသီဟ အပျော်တမ်း တူရိယာအဖွဲ့”၊ “စစ်ရဲ ဂီတတူရိယာအဖွဲ့”၊ “ကေသီပန် တူရိယာ အဖွဲ့”၊ “ဂီတ မာလာ သီချင်းကြီး တူရိယာအဖွဲ့”၊ “စောင်းဦးခင်မြင့် သီချင်းကြီး တူရိယာအဖွဲ့”၊ “မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာအဖွဲ့” တို့တွင် ပါဝင်ဖျော်ဖြေခဲ့သည်။
၁၉၅၅ ခုနှစ်တွင် “သက်တန့်ပေါ်မှာ ကစားမယ်” သီချင်းဖြင့် နိုင်ငံသိအဆိုတော်ဖြစ်လာသည်။ ၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက်ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်းခံရသည်။
ထိုကာလများအတွင်း “လေးမာ” ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။
၁၉၆၁ မှစတင်၍ မြန်မာ့အသံ၌ အစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်း ဖြစ်သည်။
“မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကား၏ သရုပ်ဆောင်လည်းဖြစ်သည်။