လောက်ကိုင် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက တူဖြင့်ထုရိုက် ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ထွက်ပေါ်လာကြောင်း သိရသည်။
အဆိုပါရုပ်သံဖိုင်မှာ စက္ကန့်အနည်းငယ်သာကြာမြင့်ပြီး ခါးကြားတွင် ပစ္စတိုချိတ်ထားကာ အရာရှိအဆင့်ဖြစ်ဖွယ်ရှိသည့် MNDAA အဖွဲ့ဝင်တစ်ဦးက စေတီပေါ်သို့ တက်ရောက်ကာ တူဖြင့် ထုရိုက်ဖြိုဖျက် နေသည်ကို တွေ့ရသည်။
ထိုသို့ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် စေတီတစ်ဆူအား ဖြိုဖျက်မှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
“ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတွေတောင် ကိုယ်နဲ့မဆိုင်ပေမဲ့ ကိုယ့်ဒေသ ကိုယ့်နေရာမှာရှိရင် ဝိုင်းဝန်းထိန်းသိမ်းကြရတာပဲ။ အခုဘုရားစေတီဖြိုဖျက်တာ လုပ်တဲ့သူတွေက ဘယ်ဘာသာ ကိုးကွယ်သည်ဖြစ်စေ ဒါကို ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းတစ်ခုလောက်တောင် တန်ဖိုးမထားနိုင်လောက်ဘူးလား။ စစ်ပွဲအတွင်းမှာ ပစ်လို့ခတ်လို့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ရင်တောင် သက်ဆိုင်ရာ ဘာသာအသီးသီးက ဘာသာဝင်တွေ စိတ်မကောင်းဖြစ်ကြရတယ်။ ဒါပေမဲ့ ဒါကတိုက်ပွဲအတွင်းဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်တာ ပုံစံတစ်မျိုးပေါ့။ အခုဟာ သပ်သပ်မဲ့ ရှိပြီးသား ဘာမှမဖြစ်တဲ့ ဘုရားစေတီကို ဒီလိုထုရိုက်နေတာ ဖျက်ဆီးတာမြင်ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အတော်လေးစိတ်မကောင်းဖြစ်ရသလို၊ ရှေ့ဆက်ပြီး အခြားမြို့ရွာတွေအတွက် စိုးရိမ်စရာလည်းကောင်းပါတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ယခုကိစ္စရပ်သည် မဖြစ်သင့်ကြောင်း၊ ဘာသာရေးအနေဖြင့် ဘုရားစေတီဆိုသည်မှာ ကမ္ဘာတွင် ရပ်တည်နေသည့် ဗုဒ္ဓဘာသာကြီးထဲတွင် ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် ဗမာလူမျိုးရေးတင်မဟုတ်ဘဲ ဘာသာရေးမုန်တီးမှုပါ ဆွဲယူသည့် သဘောဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ပြောကြားသည်။
ဦးကျော်ဇေယျက “ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီလုပ်ရပ်ကတော့ သူတို့အနေနဲ့က ဗမာလူမျိုးအရေးတင် မဟုတ်တော့ဘူး။ ဘာသာရေးမုန်းတီးမှု၊ ဘာသာတရားမုန်းတီးမှု၊ လူမျိုးချင်းတင် မဟုတ်တော့ဘူး။ ဘာသာတရားအမုန်းတီးကိုပါ ဆွဲပြီးတော့ ယူနေတဲ့သဘောတော့ရှိပါတယ်။ အဲဒါလေးတွေကျတော့ မကောင်းပါဘူး။ ပြည်ထောင်စုတိုင်းရင်းသားတွေအချင်းချင်း ဒါတွေကတော့ ဝမ်းနည်းစရာလေးတွေပါ။ တခြားမှတ်ချက်လည်း မပေးချင်ပါဘူး။ စစ်တိုက်တာတင် မဟုတ်တော့ပဲ ဘာသာရေးကိုပါ ဆွဲပြီးတော့ သွေးခွဲပြီးတော့ စွဲနေတဲ့သဘောတော့ ရှိတာပေါ့။ အဲ့ဒါလေးတွေကတော့ တိုင်းပြည်အတွက် မကောင်းတဲ့ အလားအလာလေးတွေပေါ့” ဟု ပြောကြားသည်။
မန္တလေးဒေသခံတစ်ဦးက “ဒီဘုရားစေတီဖျက်နေတဲ့ ရုပ်သံဖိုင်ကိုမြင်ရတာ ကမ္ဘာမှာ အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ ISIS တွေ ခရစ်ယာန်ဘုရားကျောင်းတွေကို ဝင်ရောက်ဖျက်ဆီးတာတွေနဲ့ အလားတူလိုဖြစ်နေတယ်။ ကိုယ်က ဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ IS တွေ ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးတာတွေတော့ အတော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုကိုယ့်ကိုးကွယ်တဲ့ ဘုရားစေတီဖျက်ခံရတာမြင်တော့ စိတ်မကောင်းလည်းဖြစ်တယ်။ ဒေါသလည်းဖြစ်တယ်။ သူတို့စစ်တိုက်တာက ဘာအတွက်လည်း မေးခွန်းထုတ်ချင်တယ်” ဟု ပြောကြားသည်။
အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့ရှိ အာဇာနည်ကျောက်တိုင်အား TNLA အဖွဲ့က ဖြိုချက်ဖျက်ဆီးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ ရက်မှစတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့က လုံခြုံရေးတပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများလက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိကာ ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ “၀” အဖွဲ့နှင့် တရုတ်နိုင်ငံတို့က ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုဝေဖန်မှုများလည်းရှိနေသည်။
တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများအား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းပြောကြားလျက်ရှိသလို နစက၏ ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းတွင် တစ်ကြိမ်၊ လကုန်ပိုင်းတွင် တစ်ကြိမ် တွေ့ဆုံထားပြီး ထပ်မံ၍လည်း ယခုရက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံရန်စီစဉ်ထားကြောင်း သိရသည်။
MNDAA အဖွဲ့၏ ဘာသာတရားနှင့်ပတ်သက်၍ ယခုကဲ့သို့ လုပ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်အစိုးရ၏ သဘောထားမှတ်ချက်အား သိလိုကြောင်း Eleven Media Group က မေးမြန်းမှုအပေါ် တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက “video နဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာကို မသိပါဘူး။ သက်ဆိုင်ရာကိစ္စက မြန်မာနိုင်ငံမှာဖြစ်ပွားတာပါ။ ကိုးကန့်ပြည်သူတွေကလည်း မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒါကမြန်မာနိုင်ငံပြည်တွင်းရေးဖြစ်တာကြောင့် သံရုံးဘက်က မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာသာရေး ကိုးကွယ်ယုံကြည်မှုဟာ လေးစားခံရသင့်ပါတယ်” ဟု ယနေ့ (ဇန်နဝါရီ ၈ ရက်) ည ၉ နာရီ ၁၅ မိနစ်ခန့်က ပြန်လည်ဖြေကြားသည်။