PSG အသင်း၏ ကြယ်ပွင့်ကစားသမား ဘာပေအနေဖြင့် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ပြင်သစ်အခြေစိုက် Foot Mercato သတင်းဌာနက ဇန်နဝါရီ (၈) ရက်တွင် ဖော်ပြခဲ့သည်။
ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေ (၂၅ နှစ်) နှင့် PSG အသင်း၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းအနေဖြင့် ဇန်နဝါရီ (၁) ရက်မှစ၍ ပြည်ပကလပ်အသင်းများနှင့် အကြိုသဘောတူညီမှုယူခွင့် ရရှိထားပြီဖြစ်သည်။
Foot Mercato သတင်းဌာန၏ ဖော်ပြမှုအရ ဘာပေသည် လာမည့် နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ကစားရန် ပြီးခဲ့သည့်ရက်ပိုင်းက သဘောတူညီမှုရရှိခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ရီးယဲလ်အသင်း၏ကမ်းလှမ်းမှုမှာ ၂၀၂၂ ခုနှစ်တွင် ကမ်းလှမ်းခဲ့သည့် ပမာဏထက် လျော့နည်းကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ဘာပေသည် PSG အသင်းနှင့် ပထမအကြိမ် စာချုပ်ကုန်ဆုံးချိန် ၂၀၂၂ ခုနှစ် နွေရာသီကတည်းက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိရန် အလွန်နီးစပ်ခဲ့ဖူးသည်။
သို့သော် ၎င်းအနေဖြင့် PSG အသင်း၏ အလွန်များပြားသည့် လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုကို လက်ခံ၍ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
စာချုပ်သက်တမ်းမှာ ကနဦး(၂)နှစ်နှင့် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသော်လည်း (၂)နှစ်ပြည့်ချိန်တွင် ထွက်ခွာလိုပါက ခွင့်ပြုရမည့်အချက် ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် ဘာပေက ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက စာချုပ်သစ် ချုပ်ဆိုတော့မည်မဟုတ်ကြောင်း အသိပေးပြောကြားခဲ့ရာ ရာသီကြို အာရှခြေစမ်းခရီးစဉ်သို့ ခေါ်ဆောင်သွားခြင်းမပြုဘဲ ချန်လှပ်ခံခဲ့ရသည်။
PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကလည်း ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးပြောကြားထားသည်။
ဘာပေကလည်း ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ”ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော် ရွေးချယ်မှု မလုပ်ရသေးပါဘူး။ နွေရာသီမှာ ကျွန်တော်နဲ့ ဥက္ကဋ္ဌတို့ သဘောတူညီမှုအရ ကျွန်တော့်ဆုံးဖြတ်ချက်က အရေးမကြီးပါဘူး။ အရေးအကြီးဆုံးဖြစ်တဲ့ နောက်လာမယ့် စိန်ခေါ်မှုတွေအတွက် အသင်းရဲ့တည်ငြိမ်မှုကို ထိန်းထားနိုင်ဖို့၊ အဖွဲ့အစည်းအားလုံးကို ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်က ဒုတိယဦးစားပေးလို့ ကျွန်တော်တို့ ပြောတာပါ” ဟု ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြောကြားထားသည်။
ထို့ပြင် ဘာပေကိုခေါ်ယူရန် လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လီဗာပူးလ်အသင်းသည် ဘာပေကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးအား အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာကို ရောင်းထုတ်ကာ ရှာဖွေသွားရန် စဉ်းစားနေခြင်းဖြစ်ပြီး ဆာလာကိုမူ ဆော်ဒီပရိုလိဂ်မှ ထိပ်တန်းကလပ်အသင်းများက မြင့်မားသည့်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။