အာဆင်နယ်အသင်းနည်းပြ အာတီတာက တိုက်စစ် ပိုင်းပြဿနာမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ ဖြစ်နိုင်ကြောင်း FA ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် FA ဖလား တတိယအဆင့်အဖြစ် ဇန်နဝါရီ (၇) ရက် ညပိုင်းတွင် လီဗာပူးလ်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ နောက်ကျဂိုးများ နှင့်အတူ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အာဆင်နယ်အသင်းသည် အစောပိုင်းတွင် ကစားပုံကောင်းမွန်ပြီး ဂိုးသွင်းခွင့်များရရှိသော်လည်း အော်ဒီဂွါ၏ ကန်သွင်းမှု ဘားတန်းထိသွားသလို နယ်လ်ဆင်၊ ဟာဗက်ဇ်တို့လည်း ပထမပိုင်းတွင် ရရှိသည့် အခွင့်အရေးများအား အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။
အာဆင်နယ်အသင်းအနေဖြင့် လိဂ်ဖလားပြိုင်ပွဲတွင် (၁၆) သင်းအဆင့်မှထွက်ခဲ့ရသလို FA ဖလားပြိုင်ပွဲတွင်လည်း တတိယအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။
ထို့ပြင် ပြိုင်ပွဲစုံ နောက်ဆုံးခုနစ်ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး နှစ်ပွဲ သရေ၊ လေးပွဲအထိ ရှုံးနိမ့်ထားသလို ခရစ္စမတ်ကာလမှစ၍ ဂိုးကန်သွင်းခွင့် (၆၃) ကြိမ်တွင် တစ်ဂိုးသာရရှိထားကြောင်း သိရသည်။
သို့ဖြစ်ရာ တိုက်စစ်ပိုင်းပြဿနာမှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ ဖြစ်နိုင်သလားဟု မေးမြန်းရာ အာတီတာက ”အဲဒါဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီနေ့ပွဲအပြီးမှာပေါ့။ ဒါက အရင်ကစားခဲ့တဲ့ ဖူလ်ဟမ်၊ ဝက်စ်ဟမ်းတို့နဲ့ပွဲထက် ပိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ပြီးချိန်ညှိဖို့ လိုမယ်ထင်ပါတယ်။ ဒီအနားပေးကာလက ကောင်းပါတယ်။ ဒါက အချိန်ကောင်းတစ်ခု ရောက်လာတာပါ။ ဒီအခြေအနေက ခက်ခဲပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့ ကောင်းကောင်း မကစားနိုင်ဘူး၊ နိုင်ပွဲတွေရဖို့ မထိုက်တန်ဘူးဆိုရင်တော့ ကျွန်တော် ပိုပြီးစိုးရိမ်မိမှာပါ။ ကျွန်တော်က နိုင်ပွဲတွေကို နှစ်သက်တာကြောင့် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ နောက်ထပ်ပွဲတွေ အများကြီး အနိုင်ယူရပါဦးမယ်။ အဲဒါက ကျွန်တော်တို့ ပြောင်းလဲရမယ့်အရာဖြစ်ပြီး ပြန်လည်ချိန်ညှိရမယ့်အရာကလည်း ဒီနေရာမှာပဲ ရှိပါတယ်။ ဒါကို တခြားသူတွေဆီကလည်း မြင်ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခြေအနေကောင်းလာရင် သူတို့ ယုံကြည်မှုပိုရှိလာပြီး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်မှာပါ။အခုကတော့ ခက်ခဲမှုတွေ ရှိနေတယ်။ သူတို့ ဘယ်နေရာမှာ ရပ်မလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ဖြေကြားခဲ့သည်။