ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီ ကာဝါသည် ဇန်နဝါရီ ၇ ရက်တွင် ကိယက်ဗ်ကို မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ပြီး ဂျပန်က ယူကရိန်းကို ဆက်လက်ကူညီသွားရန် ပိုင်းဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကိယက်ဗ်ကိုသွားသည့် ပထမဆုံးထိပ်တန်းအဆင့်ရှိ ပြည်ပတာဝန်ရှိသူဖြစ်သော ကာမီကာဝါက ယူကရိန်းထံ ကာကွယ်ရေးပစ္စည်းပေးပို့မှုအသစ်များကို ကြေညာခဲ့သည်။ ထို့အပြင် ယူကရိန်း၏ စီးပွားရေးဆိုင်ရာ ပြန်လည်တည်ဆောက်မှုကို မြှင့်တင်ရန် ဖေဖော်ဝါရီညီလာခံကိုလက်ခံကျင်းပရေး ဂျပန်၏အစီအမံများကိုလည်း ဆွေးနွေးခဲ့သည်။
“ယူကရိန်းထံ ငြိမ်းချမ်းရေးပြန်ရောက်လာစေဖို့ ဂျပန်က ယူကရိန်းကို ထောက်ပံ့ဖို့ပိုင်းဖြတ်ထားပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဒီမိုင်ထရိုကူလီဘာနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာမီ ကာဝါက ပြောကြားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို လေကြောင်းအချက်ပေးသံများ ထွက်ပေါ်နေချိန်တွင် ဗုံးဒဏ်အကာအကွယ်ရှိသည့်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခု ယူကရိန်းမှာ အခြေအနေ ဘယ်လောက်တင်းမာနေသလဲဆိုတာကို ကျွန်မသိသွားပါပြီ”ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
စစ်ပွဲတွင် နှစ်ဘက်စလုံး၏ တိုက်ခိုက်မှုများ အရှိန်ပြင်းထန်နေချိန်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါ၏ ယူကရိန်းခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“အထူးသဖြင့် နှစ်သစ်ကူးနေ့မှာ ရုရှားရဲ့ ဒုံးကျည်၊ ဒရုန်းတို့နဲ့ တိုက်ခိုက်တာတွေကို ကျွန်မထပ်မံ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ကာမီကာဝါက ပြောကြားခဲ့သည်။
ဂျပန်သည် ဒရုန်း ခြေရာခံစနစ်နှင့်အတူ ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃၇ သန်း ထောက်ပံ့ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။ နောက်ထပ်ဆောင်းတွင်းတစ်ခုကို ယူကရိန်းကျော်ဖြတ်နိုင်ရေးအတွက် မီးစက် ငါးလုံးကို ထောက်ပံ့ပေးမည်ဟု ဆိုသည်။
ကာမီကာဝါသည် ကိယက်ဗ်ဆင်ခြေဖုံး ဘူချာကို သွားရောက်ခဲ့သည်။ ဘူချာသည် ၂၀၂၂ ခုနှစ်တွင် ရုရှားတပ်ဖွဲ့များက အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ခဲ့သည့် နေရာဖြစ်သည်။ မြင်တွေ့ခဲ့ရသည့်အရာကို အံ့အားသင့်မိသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် အာပင်ကိုလည်းသွားခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ကြိုတင် ကြေညာထားခြင်းမရှိသော ကိယက်ဗ်ခရီးစဉ်သည် ဇန်နဝါရီ ၅ ရက်တွင် စတင်ခဲ့သည့် နှစ်ပတ်ကြာခရီးစဉ်၏ အစိတ်အပိုင်းဖြစ်ပြီး ပိုလန်၊ ဖင်လန်၊ နယ်သာလန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီ၊ တူရကီတို့ကိုလည်း သွားရောက်မည်ဖြစ်သည်။
ယူကရိန်းကို အက်ဖ်-၁၆ တိုက်လေ ယာဉ်များပံ့ပိုးပေးရန် ဂျပန်၏လွန်ခဲ့သောနှစ်က ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကူလီဘာက ပြောကြားခဲ့သည်။ ယူကရိန်းသည် လေကြောင်းကာကွယ်ရေးစနစ်များ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။
“ရုရှားဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ ယူကရိန်းမြို့တွေကို နေ့တိုင်းဖျက်ဆီးနေတာဖြစ်ပါတယ်”ဟု ကူလီဘာက ပြောကြားသည်။ မိမိတို့နှစ်ဦးသည် မြောက်ကိုရီးယားထံမှလာသည့် ခြိမ်းခြောက်မှုများကိုလည်း ဆွေးနွေးခဲ့သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။