ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၈ ရက်တွင် ၁၆၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးသူဦးရေမှာလည်း သုံးဆမြင့်တက်ကာ ၃၂၃ ဦး ရှိလာပြီ ဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များ၏အဆိုအရ သိရသည်။
၇ ဒသမ ၅ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသည့်အတွက် ကယ်ဆယ်ရေး အစီအစဉ်များကို ရှုပ်ထွေးစေခဲ့ပြီး လူ ၂,၀၀၀ ကျော်သည် ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ကာ နောက်ထပ်လူအများအပြားသည်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း သို့မဟုတ် လူကျပ်ညပ်နေသည့် ယာယီခိုလှုံရေးစခန်းများတွင် သွားရောက်နေထိုင်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်။
ဇန်နဝါရီ ၈ ရက်က ဂျပန်အလယ်ပိုင်း အိရှိကာဝါစီရင်စု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ငလျင်ဒဏ်ကို အဆိုးရွားဆုံးကြုံခဲ့ရသည့် ၀ါဂျိမမြို့တွင် ပျောက်ဆုံးသူ ၃၁ ဦးမှ ၂၈၁ ဦးအထိ မြင့်တက်ခဲ့သည်။ အဆိုပါမြို့တွင် ငလျင်ဒဏ်ကြောင့် အိမ်ခြေဒါဇင်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး အကြီးစား မီးလောင်ကျွမ်းမှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဆုဇုမြို့တွင် အသက် ၉၀ ကျော် အမျိုးသမီးတစ်ဦးသည် ပြိုကျသွားသည့် အဆောက်အအုံ အပျက်အစီးများကြား ငါးရက်ကြာပိတ်မိနေခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် ကယ်ဆယ်ရေးသမားများက ၎င်းကို ကယ်တင်နိုင်ခဲ့သည်။
သို့သော် အသက် ၅၂ နှစ်အရွယ် နာအိုယုခိတဲရာမိုတို၏ ကလေးငယ်လေးဦးအနက် သုံးဦး၏ ရုပ်အလောင်းများကို အနမိဇုမြို့တွင် တွေ့ရှိခဲ့သည်။
ရက်အတန်ကြာ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားနိုင်ခြေကို မြင့်တက်စေခဲ့ပြီး လတ်တလောတွင် ဆီးနှင်းများထူထပ်စွာကျ ဆင်းနေကာအချို့နေရာများတွင် ၁၀ စင်တီမီတာ( ၄ လက်မ)ကျော်အထိ ဆီးနှင်းများကျ ရောက်နေသည့်အတွက် အဆောက်အအုံပြို ကျမှုများ ထပ်မံဖြစ်ပွားနိုင်သည်ဟု ဒေသန္တရ အစိုးရက သတိပေးခဲ့သည်။
အိရှိကာဝါဒေသရှိ အိမ်ထောင်စု ၁၈,၀၀၀ ဝန်းကျင်သည် ဇန်နဝါရီ ၈ ရက်အထိ ဓာတ်အားမရရှိသေးသကဲ့သို့ အိမ်ထောင် စု ၆၆,၁၀၀ ကျော်သည်လည်း ဇန်နဝါရီ ၇ ရက်က ရေမရရှိခဲ့ကြောင်း သိရသည်။
အစိုးရက စီစဉ်ပေးသည့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် လူပေါင်း ၂၈,၈၀၀ အတွက် ရေ၊ လျှပ်စစ်ဓာတ်အားနှင့် အပူပေးစက်လုံလုံလောက်လောက် စီစဉ်ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။
“သဘာဝဘေးနှင့် ဆက်စပ်နေတဲ့ လူသေဆုံးမှုတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တားဆီးရပါမယ်။ ယာယီခိုလှုံရေး စခန်းတွေမှာ အခြေအနေ ယိုယွင်းနေတာကိုလည်း ပိုကောင်းလာအောင်လုပ်ချင်ပါတယ်”ဟု အိရှိကာဝါ အုုပ် ချုပ်ရေးမှူး ဟိရိုရှိ ဟာဆဲက NHK ရုပ်သံကို ပြောကြားခဲ့သည်။
“အဓိကဦးစားပေးအနေနဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ ဒေသတွေဆီ အရောက်သွားနိုင်ဖို့ပဲဖြစ်တယ်”ဟု ဝန်ကြီးချုပ်ကိရှိဒက NHK ရုပ်သံကို ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျုဒ်ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဆူနာမီလှိုင်း ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ နေအိမ်နှင့်ကားများ ပင်လယ်ထဲသို့ မျောပါခဲ့ကြောင်း သိရသည်။