ရန်စမှုမှန်သမျှကို စစ်ရေးအရ ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ပြီး မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် နယ်စပ်အနီးသို့ သုံးရက်ဆက်တိုက်လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။
ဇန်နဝါရီ ၆ ရက်က မြောက်ကိုရီးယားသည် အငြင်းပွားပင်လယ်ရေကြောင်းနယ်နိ မိတ်အနီးသို့ လက်နက်ကြီးကျည် ၆၀ ကျော် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက်တွင် ကင်ယိုဂျုံ၏ မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။ ဇန်နဝါရီ ၅ ရက်လည်း မြောက်ကိုရီးယားသည် လက် နက်ကြီးကျည် ၂၀၀ ကျော်ကို အလားတူပုံစံအတိုင်း တရစပ်ပစ်ခတ်ခဲ့သည်။
ထို့နောက် ဇန်နဝါရီ ၇ ရက်ကလည်း မြောက်ကိုရီးယားသည် လက်နက်ကြီးကျည် ၉၀ ခန့် ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယားကဆိုသည်။ မြောက်ကိုရီးယား စစ်တပ်ကမူ အဆိုပါပစ်ခတ်မှုလေ့ကျင့် ခန်းများကိုနယ်စပ်အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တောင်ကိုရီးယားအားမည်သည့် ခြိမ်းခြောက်မှုမျိုးမှ မဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကိုရီးယားပြည်သူ့တပ်မတော် (KPA)ဟာ သေနတ်လုံခြုံရေးခလုတ်ကို မောင်းဖြုတ်ထားပြီးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားလိုတယ်”ဟု ကင်ဂျုံအွန်အစိုးရ၏ သြဇာအကြီးဆုံး တာဝန်ရှိသူများထဲတွင် ပါဝင်သည့် ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
“အစောပိုင်းမှာ အတိအလင်းပြောကြားထားသလိုပဲ ရန်သူက မဆိုစလောက်လေးရန်စခဲ့မယ်ဆိုရင်တောင် KPA က စစ်ရေးအရ ချက်ချင်းတုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်တယ် “ ဟု ၎င်းက ပြောကြားသည်။
မြောက်ကိုရီးယား၏ လက်နက်ကြီးပစ်ခတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားသည် ဇန်နဝါရီ ၅ ရက်က ပင်လယ်ထဲသို့ ပစ်ခတ်မှုလေ့ကျင့်ခန်းများကို တန်ပြန်လုပ်ဆောင်ခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၅ ရက်က နယ်စပ်အနီးတွင် နှစ်ဖက်စလုံးက လက်နက်ကြီးပစ်ခတ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည့်အတွက် တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းများတွင် နေထိုင်သူများကို ဗုံးခိုကျင်းများထဲတွင် အကာအကွယ်ယူ နေထိုင်ရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ပင်လယ်ရေ ကြောင်း နယ်နိမိတ်ကို ကျော်လွန်၍ လက်နက်ကြီး ကျရောက်ခဲ့သည့် သတင်းများထွက်ပေါ်ခဲ့ခြင်း မရှိပေ။
ဇန်နဝါရီ ၇ ရက် ဒေသစံတော်ချိန် ၄ နာရီမှ ၅ နာရီ ၁၀ မိနစ်အထိ ယွန်ဖြောင်ကျွန်း မြောက်ဘက်ဆီသို့ အမြောက်ကျည် ၉၀ ကျော် ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
နှစ်ဖက်တင်းမာမှုများ လျှော့ချရေးအတွက် ၂၀၁၈ ခုနှစ် သဘောတူညီချက်အရ(လက်ရှိတွင် ပျက်ပြယ်သွားပြီဖြစ်)ထားရှိခဲ့သည့် ကြားခံနယ်နိမိတ်အတွင်း မြောက်ကိုရီးယားက လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့ပြီး ယင်းသို့ပစ်ခတ်မှုများသည်ကို ရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟုလည်း တောင်ကိုရီးယားက ဆိုသည်။