မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက ဟတ်ဒါဖီးလ်နှင့် ယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပွဲ၌ ခြေစွမ်းပြခဲ့ကြသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားနှင့် ဖိုဒန်တို့ကို ဘာစီလိုနာကစားသမားဟောင်းများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာတို့ နှင့် နှိုင်းယှဉ်ခဲ့ပြီး အသင်း၏တိုက်စစ်ကို အတူတွဲဖက်ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပွဲတွင် ဟတ်ဒါဖီးလ်အသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်က (၂) ဂိုးသွင်းယူခဲ့သလို၊ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားကလည်း လူစားဝင်ကစားကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့သည်။
ဒီဘရိုင်းနား(၃၂ နှစ်)သည် တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရသူဖြစ်ပြီး ယခုပွဲတွင်မှ ပြန်ကစားနိုင်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပထမဆုံးပြန်ကစားနိုင်သည့်ပွဲတွင်ပင် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂွါဒီယိုလာက ချီးကျူးခဲ့သလို၊ ကွင်းလယ်တွင် ဖိုဒန်နှင့် တွဲဖက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖိုဒန်(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီအဆုံးသတ်ကာလတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီတွင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် အနားယူနေရချိန်၌ ကွင်းလယ်တိုက်စစ်ကစားသမားနေရာကို အခိုင်အမာရယူနိုင်ခဲ့သူဖြစ် သည်။
ထို့ကြောင့် ဒီဘရိုင်းနား ပြန်ကစားနိုင်ချိန်၌ တွဲဖက်ကစားရန် ဖြစ်နိုင်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
ယင်းမေးခွန်းအပေါ် ဂွါဒီယိုလာက ”ကျွန်တော်က အမြဲတမ်း အရည်အသွေးရှိသူတွေရဲ့ ပရိသတ်ပါ။ အရည်အသွေးရှိတဲ့သူတွေက ဘာကြောင့် အတူတွဲမကစားနိုင်ရမှာလဲ။ ကျွန်တော် ဘာစီလိုနာကို ရောက်တဲ့အချိန်မှာ လူတွေက ပြောကြပါတယ်။ ဇာဗီ၊ အင်နီယေစတာနဲ့ ဘူးစကွက်စ်တို့ အတူတွဲကစားနိုင်မှာမဟုတ်ဘူးလို့။ ဘာကြောင့် မရနိုင်တာလဲ။ ကွင်းလယ်ဗဟိုချက်နေရာမှာ သူတို့ အတူကစားနိုင်ခဲ့ကြပါတယ်”ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယင်းပွဲတွင် (၅-၀)ဂိုးဖြင့် အနိုင်ရရှိသည့်အတွက် ဂွါဒီယိုလာလက်ထက်တွင် (၅)ဂိုးပြတ်နှင့်အထက် အနိုင်ရရှိသည့်ပွဲ (၄၂)ပွဲ ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါအရေအတွက်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းများထဲတွင် အများဆုံးဖြစ်ပြီး ဒုတိယနေရာမှ လီဗာပူးလ်အသင်းမှာ (၁၉)ပွဲသာရှိကြောင်း သိရသည်။
ထို့ပြင် မန်စီးတီးအသင်းသည် ဂွါဒီယိုလာ ကိုင်တွယ်သည့်ကာလအတွင်း FA ဖလားအိမ်ကွင်း ပွဲစဉ်(၁၂)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ(၁၂)ပွဲ၌ သွင်းဂိုး(၅၂)ဂိုးရရှိခဲ့ပြီး ပေးဂိုး(၄)ဂိုးသာ ပေးခဲ့ရသည့်အပြင် Clean Sheet (၈)ပွဲ ရရှိခဲ့ကြောင်း သိရသည်။
ဟတ်ဒါဖီးလ်နှင့်ပွဲ၌ ဂိုးဖန်တီးမှုပြုလုပ်ခဲ့သော ဒီဘရိုင်းနားသည် ပြီးခဲ့သည့်ရာသီမှ စတွက်ပါက ဥရောပထိပ်သီးလိဂ်(၅)ခုထဲ၌ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် အကြိမ်(၃၀) ဖြင့် ရပ်တည်နေကြောင်း သိရသည်။
၎င်း၏နောက်တွင် ဆာလာ(လီဗာပူးလ်)က (၂၄ ကြိမ်)၊ ဗင်နီစီယပ်စ်(ရီးယဲလ်)နှင့် ဆာကာ(အာဆင်နယ်)တို့က (၂၂ ကြိမ်)စီ၊ ဂရီးဇ်မန်း(အက်သလက်တီကို)က (၂၁ ကြိမ်)အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း သိရသည်။
(၂)ဂိုးသွင်းယူခဲ့သည့် ဖိုဒန်မှာလည်း FA ဖလားပြိုင်ပွဲ၌ နောက်ဆုံး(၆)ရာသီစလုံးတွင် ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။