ဆီဗီလာဝါရင့်နောက်ခံကစားသမား ရာမို့စ်သည် ဘီလ်ဘာအိုအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းကိုလှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည့် အသင်းအားပေးသူပရိသတ်များကို လက်ညှိုးထိုးကာ ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက် (ကြာသပတေးနေ့ည) က ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဆီဗီလာအသင်းသည် အိမ်ကွင်းတွင် ဧည့်သည် ဘီလ်ဘာအိုအသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးပွဲကြောင့် ဆီဗီလာအသင်းသည် ယခုရာသီ လာလီဂါအမှတ်ပေးဇယား တွင် အဆင့် ၁၆ နေရာသို့ ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်မှ အသင်းနှင့် တစ်မှတ်သာကွာဟတော့ကြောင်း သိရှိရသည်။
ဆီဗီလာ- ဘီလ်ဘာအိုပွဲအပြီး၌ ဆီဗီလာဝါရင့်နောက်ခံကစားသမား ရာမို့စ်သည် ဆီဗီလာပရိသတ်များ ရှိနေသည့်ပွဲကြည့်စင်ဘက်တွင် DAZN Spain ရုပ်သံနှင့် အင်တာဗျူးပြုလုပ်ခဲ့သည်။ ယင်းအင်တာဗျူးပြုလုပ်နေချိန်တွင် ဆီဗီလာ ပရိသတ်အချို့သည် ရာမို့စ်အား အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ရာ ၎င်းသည် ဒေါသပေါက်ကွဲပြီး အသင်းပရိသတ်များကို လက်ညှိုးထိုးကာ ပြန်လည်အော်ဟစ်ခဲ့သည်။
ရာမို့စ်က အသင်းပရိသတ်များကို လက်ညှိုးထိုးကာ “လေးစားမှုရှိစမ်းပါ။ (ခင်ဗျားတို့ ပါးစပ်တွေ) ပိတ်ထားစမ်း။ လစ်တော့”ဟု အော်ဟစ်ခဲ့သည်။ ထို့ပြင် ရာမို့စ်က “လူတွေနဲ့ အသင်းရဲဲ့အမှတ်တံဆိပ်ကို နည်းနည်းဖြစ်ဖြစ် လေးစားရှိရမှာပေါ့။ လူတွေကို လေး စားမှုရှိစမ်းပါ။ ငါတို့ စကားပြောနေတယ်။ လူတွေကို လေးစားစမ်းပါ။ ပါးစပ်တွေ ပိတ်ထားလိုက်”ဟု ဆက်လက်ပြောကြားခဲ့သည်။
ဆီဗီလာအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး နည်းပြသုံးဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ဆီဗီလာအသင်းသည် လာလီဂါပွဲစဉ် ၁၉ အပြီးတွင် ရမှတ် ၁၆ မှတ် ဖြင့် အဆင့် ၁၆ နေရာ၌ ရပ်တည်နေသည်။