ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်၌ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၁၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံခုနစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ်များ မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း နှစ်ကြိမ်စီ၊ မေလအတွင်း တစ်ကြိမ်၊ ဇွန်လအတွင်းက နှစ်ကြိမ်၊ ဇူလိုင်လ အတွင်းက တစ်ကြိမ်၊ သြဂုတ်လအတွင်း နှစ် ကြိမ်၊ နိုဝင်ဘာလအတွင်း သုံးကြိမ်နှင့် ဒီဇင် ဘာလအတွင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရေး မြို့နယ်အတွင်း ငါးကြိမ်၊ ကျိုက်ထိုမြို့နယ်အ တွင်း ရှစ်ကြိမ်၊ ဘီးလင်းမြို့နယ်အတွင်း နှစ်ကြိမ် နှင့် သထုံမြို့နယ်အတွင်း တစ်ကြိမ် မြေမြှုပ် မိုင်းနင်းမိပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံလေးဦး၊ သ ထုံမြို့နယ်အတွင်း ဒေသခံသုံးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီး ရေးမြို့နယ်မှ ဒေသခံ လေးဦး၊ ကျိုက်ထိုမြို့နယ်မှ ဒေသခံခုနစ်ဦး၊ ဘီးလင်းမြို့နယ်မှ နှစ်ဦး၊ စုစုပေါင်း ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်စဉ်များ မှာ ဒေသခံများ၏ စားဝတ်နေရေးအတွက် နေ့စဉ်သွားလာ လှုပ်ရှားနေကြရသည့် လမ်းများ ပေါ်တွင်သာ အဖြစ်များသည့်အပြင် ယခင်က တစ်ကြိမ်တစ်ခါမှ မြေမြှုပ်မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်များ မဖြစ်ပွားဖူးသေးသည့်နေရာများ တွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများ ဖြစ်ပွား နေသည့်အတွက် ဒေသခံများ၏ လူနေမှုဘဝ အား နေ့စဉ်ခြိမ်းခြောက်နေသည့် သဘောမျိုး ဖြစ်နေကြောင်း ရေးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဘေးကလွဲကျေး ရွာအနီးက ကြိုးတံတားချောင်းဝန်းကျင်မှာ ဟိုးအရင်က ဘာမှမရှိဘူး။ နောက်ပိုင်းမှာ လုံခြုံရေးစခန်းလာချထားတော့ ပစ်ခတ်မှုတွေ မကြာခဏဖြစ်လာတဲ့အပြင် ဒေသခံတွေသွား လာနေတဲ့လမ်းတွေမှာ မြေမြှုပ်မိုင်းတွေထောင် ထားတော့ ဒေသခံတွေပဲ ထိတယ်” ဟု ပြောကြားသည်။
ထို့ပြင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးသုံးဦး ပါဝင်သည့်အပြင် ထိခိုက်ဒဏ် ရာရရှိခဲ့ကြသူများတွင်လည်း အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်တွင်လည်း မြေမြှုပ်မိုင်းပေါက် ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများ ကြောင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီး မှုရှိခဲ့သည့်အပြင် ခရီးသွားများပါ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များ၏ ထက်ဝက်ကျော်မှာ မြေမြှုပ်မိုင်းအန္တရာယ်များ ရှိနေပြီး ယင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူလူထုအနေဖြင့်လည်း မြေအောက်တွင် ရှိသည့် မမြင်နိုင်သည့်မိုင်းများကြောင့် ကိုယ် လက်အင်္ဂါဆုံးရှုံးခြင်း၊ အသက်သေဆုံးရခြင်း များ ဖြစ်နေကြောင်း မြေမြှုပ်မိုင်းနှင့် ဆင့်ပွား ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက် များ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCMM) က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က သတင်း ထုတ်ပြန်ထားသည်။
စစ်ရေးပဋိပက္ခများ အရှိန်မြင့်လာသည် နှင့်အတူ မြန်မာနိုင်ငံအနှံ့တွင် မြေမြှုပ်မိုင်း အန္တရာယ်မှာလည်း တစ်နေ့ထက်တစ်နေ့ ပို မိုဆိုးရွားလာနေကြောင်းကိုလည်း ယင်းအဖွဲ့ က ဆိုသည်။