တရုတ်နှင့် သံတမန်လမ်းကြောင်းမှဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားဆဲဖြစ်ပြီး တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု မျှော် လင့်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် မကြာမီက အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ပူးတွဲကင်းလှည့်လည်မှုများသည် တာဝန်မဲ့ပြီး ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုမှတ်ချက် စကားထွက်ပေါ်လာခြင်းဖြစ်သည်။
“အမေရိကန်နဲ့ ပူးတွဲကင်းလှည်လည်မှုတွေ၊ အနာဂတ်မှာ တခြားမဟာမိတ်နိုင်ငံတွေနဲ့ အတူတကွ ပြုလုပ်ဖွယ်ရှိတဲ့ လုပ်ဆောင်မှုတွေဟာ စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပေးဖို့ မိမိတို့ရဲ့ အပြန်အလှန် ကတိကဝတ်ပြုမှုကို ပြသခြင်းဖြစ် တယ်” ဟု ဖိလစ်ပိုင် အမျိုးသားလုံခြုံရေး အကြံပေး အက်ဒွါဒိုအနိုက ပြောကြားခဲ့သည်။
မနီလာမြို့ရှိ တရုတ်သံရုံးကမူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ၏ ပြောကြားချက်ကို ပြန်လည်ပြောဆိုကာ အနို၏ မှတ်ချက်စကားနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို တုံ့ပြန်ခဲ့သည်။
မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်လည်မှုများ လုပ်ဆောင်စဉ်အတွင်း ဖိလစ်ပိုင်နှင့် အမေရိကန်သင်္ဘောများကို တရုတ်ရေတပ်သင်္ဘောနှစ်စင်းက ထပ်ကြပ်မကွာ လိုက်လံစောင့်ကြည့်ခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
နှစ်ရက်ကြာပြုလုပ်ခဲ့သည့် ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ရေတပ်မှ စစ်သင်္ဘောလေးစင်းနှင့် အမေရိကန်စစ်တပ်၏ အင်ဒို-ပစိဖိတ် စစ်ရေယာဉ်စုမှ လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ကားလ်ဗင်ဆန် အပါအဝင် စစ်သင်္ဘောလေးစင်း ပါဝင်ခဲ့သည်။ ပူးတွဲကင်းလှည့်လည်မှုများ သည် ဇန်နဝါရီ ၄ ရက်က ပြီးဆုံးသွားပြီဖြစ်ကာ ဇန်နဝါရီ ၅ ရက်တွင် အမေရိကန်စစ်သင်္ဘောများသည် မနီလာမြို့ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားခဲ့သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်က တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်လည်ခဲ့ခြင်းသည် နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်ဖြစ်သည်။ တောင်တရုတ်ပင်လယ်ဒေသသည် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် တင်းမာမှုများမြင့်တက်လျက်ရှိသည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။
သည်ဟိဂ်မြို့အခြေစိုက် အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာခုံရုံးက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟူသော တရုတ်၏ အခိုင်အမာပြောကြားချက်သည် တရားမဝင်ဟု ၂၀၁၆ ခုနှစ်တွင် ဆုံး ဖြတ်ခဲ့သော်လည်း တရုတ်က ယင်းဆုံးဖြတ်ချက်ကို လက်ခံခြင်းမရှိပေ။
“ဖိလစ်ပိုင်ဟာ တရုတ်နဲ့သံတမန်နည်းလမ်းအရ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားဆဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကောင်းများရရှိအောင် အားပေးမြှင့်တင်သွားမယ်လို့ ထပ်လောင်းကတိပြုတယ်” ဟု အနိုက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွား ကျောက်တန်းများအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင်အကြားလနှင့်ချီ လိပ်ခဲတည်းလည်း အခြေအနေဖြစ်ပွားခဲ့ကာ နှစ်ဖက်သင်္ဘောများဝင်တိုက်မိခြင်း၊ တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။