မာလာဝီနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကာလဝမ်းရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေလိုငွေပြမှုကို ကာမိစေရန် အမေရိကန်ဒေါ်လာ ၆ သန်းခန့်လိုအပ်ကြောင်း မာလာဝီ ကျန်းမာရေးဝန်ကြီး ခွမ်ဘီဇီ ကန်ဒိုဒိုချီပွန်ဒါက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
မာလာဝီ၏ ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး နောက်ဆုံးရအခြေအနေကို ထုတ်ပြန်ချိန်တွင် ချီပွန်ဒါက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံအတွင်း ကာလဝမ်းရောဂါကူးစက်မှုသည် လျော့ ကျနေသော်လည်း စိတ်အေးလက်အေးနေနိုင်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
ကာလဝမ်းရောဂါ အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် စုစုပေါင်းအသုံးစရိတ်သည် ဒေါ်လာ ၁၈ ဒသမ ၂၃ သန်းဖြစ်ကြောင်း၊ သို့သော် ဒေါ်လာ ၁၂ ဒသမ ၂၇ သန်းသာ ရရှိထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ပုံငွေကွာဟချက် ဒေါ်လာ ၅ ဒသမ ၉၆ သန်းရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
မာလာဝီနိုင်ငံအတွက် ကာလဝမ်းရောဂါကို ထိန်းချုပ်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အပံ့များကို ရရှိနိုင်စေရန်အတွက် အဆိုပါရန်ပုံငွေကွာဟချက်ကို ဖြေရှင်းရာတွင် ကူညီပေးရန် ချီပွန်ဒါက မိတ်ဖက်အဖွဲ့ အစည်းများကို အကူအညီတောင်းခံခဲ့သည်။
မာလာဝီနိုင်ငံတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကာလဝမ်းရောဂါကို အမျိုးသား ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမဟုတ်တော့ကြောင်း ကြေညာခဲ့ပြီးချိန်ကတည်းက ရောဂါကူးစက်မှုများကျဆင်းခဲ့ပြီး သေဆုံးသူအနည်းငယ်သာရှိကြောင်း ချီပွန်ဒါက ဆိုသည်။
လက်ရှိ ကာလဝမ်းရောဂါဖြစ်ပွားမှု အခြေအနေသည် ၂၀၂၂ ခုနှစ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက အများကြီး သာလွန်ကောင်း မွန်မှုရှိကြောင်း ၎င်းက ဆိုသည်။
ကာလဝမ်းရောဂါ ကာကွယ်တားဆီးရေးအတွက် အားထုတ်ကြိုးပမ်းမှုများအနက် ကာကွယ်ဆေး ငါးသန်းကျော်ကို တိုက်ကျွေးခဲ့ပြီး ကာလဝမ်းရောဂါဖြစ်ပွားသည့် နေရာဒေသများတွင် နေထိုင်သူများကို ကာကွယ်ဆေးတိုက်ကျွေးရန် ရည်မှန်းထားသည့် လူဦးရေ၏ သုံးပုံနှစ်ပုံကျော်ကို ကာကွယ်ဆေး တိုက်ကျွေးနိုင်ခဲ့သည်။
မာလာဝီ၏ အိမ်နီးချင်း ဇမ်ဘီယာနိုင်ငံတွင်မူ ကာလဝမ်းရောဂါများ ကူးစက်ဖြစ်ပွားနေသဖြင့် ၂၀၂၄ ခုနှစ် အတွက် စာသင်နှစ်ကို သီတင်းသုံးပတ်ကြာရွှေ့ဆိုင်းကြောင်း အစိုးရက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဇမ်ဘီယာတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ကာလဝမ်းရောဂါများ ဖြစ်ပွားခဲ့သဖြင့် လူ ၁၅၀ ခန့်သေဆုံးခဲ့သည်။
ယခင်က ဇန်နဝါရီ ၈ ရက်တွင် စာသင်နှစ်ကို စတင်ပြီး ကျောင်းများပြန်ဖွင့်ရန် စီစဉ်ထားသော်လည်း ကာလဝမ်းရောဂါများကူးစက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်အထိ စာသင်နှစ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပညာရေး ဝန်ကြီးဒေါက်ဂလပ်စ် ယာကာလီမာက ပြောကြားခဲ့သည်။ ဇမ်ဘီယာတွင် ကာလဝမ်းရောဂါကူး စက်ခံရသူပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုနှုန်းသည် ၃ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကာလဝမ်းရောဂါကူးစက်ခံရသူသစ် ၃၄၂ ဦးကျော်ရှိခဲ့ပြီး လူ ၂၃ ဦးသေဆုံးခဲ့ သည်ဟု အာဏာပိုင်များက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပညာရေးကဏ္ဍအပေါ် အဆိုပါကူးစက်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို အစိုးရကစိုးရိမ်နေပြီး စာသင်ကျောင်းများတွင် အသက်အန္တရာယ်ဘေးကင်းလုံခြုံရေးသည် ဦးစားပေး ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ယာကာလီမာက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ဇမ်ဘီယာနိုင်ငံ၏ ကာလဝမ်းရောဂါ ကူးစက်မှုအခြေအနေကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။