တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အရေးအကြီးဆုံး ကိစ္စရပ်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မှန်မှန်ကန်ကန် နားလည်မှုတို့ကို တည်ဆောက်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသည် ရွေးချယ်စရာမဟုတ်ဘဲ အရေးတကြီး လုပ်ဆောင်ရ မည့်အရာပင်ဖြစ်ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်ကြောင်း တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၄၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် ဝမ်ယိက ထည့်သွင်းပြောဆိုခဲ့သည်။
“တရုတ်-အမေရိကန်ဆက်ဆံရေးဟာ နှစ်နိုင်ငံအတွက်တင်မကဘဲ ကမ္ဘာကြီးအတွက်လည်း ရွေးချယ်စရာတစ်ခု မဟုတ်တော့ ဘဲ အလေးအနက်ကိုင်တွယ်စီမံရမယ့် အလွန်အရေးပါတဲ့ ကိစ္စရပ်ဖြစ်တယ်” ဟု ဝမ်ကထပ်မံပြောကြားခဲ့သည်။
အမျိုးသားလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ ကုန်သွယ်ရေးကန့်သတ်ပိတ်ပင်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ထိုင်ဝမ်အရေးအပါအဝင် ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေး တင်းမာလျက်ရှိသည်။
ယမန်နှစ်တွင် လေပိုင်နက်ထဲသို့ အမြင့်ပျံမိုးပျံပူဖောင်းများ စေလွှတ်ပျံသန်းနေသည်ဟု နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့ကာ သံတမန်ရေးအငြင်းပွားမှု ပိုမိုနက်ရှိုင်းလာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း မဟာအင်အားကြီးနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင် ပြုလုပ်ခဲ့သည်။
အမေရိကန်က ၎င်း၏သဘောထားကို ဖြေလျှော့ကာ မိမိတို့၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်ခြင်းအပါအဝင် တရုတ်ပြည်သူများ၏ ရွေးချယ်မှုများနှင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို တန်းတူညီမျှမှု၊ မျှဝေခံစားမှုတို့ဖြင့် လေးစားမှုရှိမည်ဟု တရုတ်က မျှော်လင့်ပါကြောင်း ဝမ်က ဆိုသည်။
“အပြန်အလှန် လေးစားမှုအပေါ် အခြေခံပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်ပြီး ခိုင်မာအားကောင်းကာ ရေရှည်တည်တံ့အောင် တည်ဆောက်ရေးအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပဋိပက္ခကို ရှောင်လွှဲနိုင်ရေးအတွက် နှစ်နိုင်ငံကြားက မတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေခိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မကြာသေးမီက အမေရိကန်သို့ သွားရောက်ခဲ့သည်။
“ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်သွားဖို့ မိမိတို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ အရေးအကြီးဆုံးကတော့ မတူကွဲပြားမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ပဲဖြစ်တယ်” ဟု ဝမ်က ပြောကြားသည်။
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်နှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်းတ ရုတ်သမ္မတရှီကျင်းပင်က ဇန်နဝါရီ ၁ ရက် တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကိုလည်း ခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ပေးပို့ခဲ့သည်။