ထိုင်းနိုင်ငံ စမွတ်စခုံအခြေစိုက် ငါးဖမ်းလှေကြီးပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကြိုးများ ရစ်ပတ်မိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မြန်မာနိုင်ငံသား အောင်မိုး (၄၂ နှစ်) ဆိုသူဖြစ်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း ငါးဖမ်းဆီးနေစဉ် ပိုက်ကြိုးများနှင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်အောင် မတော်တဆ ရစ်ပတ်မိခဲ့ခြင်းဖြစ်ကြောင်း၊ ရေလုပ်သားများက ကူညီရန် ကြိုးစားသော်လည်း အသက်သေဆုံးသွားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
ငါးဖမ်းစက်လှေမှာ တန်ချိန် ၆၀ ရှိ အကြီးစားငါးဖမ်းလှေကြီးဖြစ်ပြီး အလုပ်သမား ၃၀ လိုက်ပါခဲ့ကြောင်း၊ အလုပ်သမားများရှေ့တွင် အဆိုပါအဖြစ်အပျက်ဖြစ်ခဲ့သော်လည်း မကူညီနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ငါးဖမ်းစက်လှေထဲတွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား၏အလောင်းကို စမွတ်စခုံ ဆိပ်ကမ်းသို့ ပြန်သယ်ရန်ဝေးကွာသည်ဟုဆိုကာ တရတ်ခရိုင်ဆိပ်ကမ်းသို့ သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃ ရက်က တရတ်ခရိုင် ခလောင်ယိုင်မြို့နယ် ကန်ပါဟာဆိပ်ကမ်းတွင် ခလောင်ယိုင်ရဲတပ်ဖွဲ့က အလောင်းကို မှတ်တမ်းယူခြင်း၊ သက်သေရှာဖွေခြင်းများ လုပ်ဆောင်ကာ ရဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။